ရာသီကုန်မှာ ပီအက်စ်ဂျီသို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ဆာလက် | Ballonestar


The network connection is lost.

Banner Image

ရာသီကုန်မှာ ပီအက်စ်ဂျီသို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ဆာလက်

လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလက်ဟာ ရာသီကုန်မှာ အန်ဖီးလ်ကနေထွက်ခွာပြီး ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အလားအလာမရှိတဲ့ ဆာလက်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ပီအက်စ်ဂျီနဲ့ အကြိုသဘောတူစာချုပ် ချုပ်ဆိုသွားဖွယ်ရှိနေတယ်လို့သိရပါတယ်။ အသက်-၃၂ နှစ်အရွယ်ကစားသမားဟာ ယမန်နေ့ညက မန်စီးတီးကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သလို၊ အနိုင်သေချာစေမယ့်ဂိုးကိုလည်း ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ 

သို့သော်လည်း ဆာလက်ဟာ ပွဲအပြီးမှာတော့ ရာသီကုန်မှာ လီဗာပူးမှထွက်ခွာနိုင်ချေရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့တာကြောင့် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေများနေပါတယ်။ ပီအက်စ်ဂျီကလည်း အီဂျစ်သားကို ကာလရှည်စောင့်ကြည့်နေခဲ့ပြီး ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်သတင်းစာတွေကလည်း လာမယ့်ရာသီမှာ ဆာလက်ကို လီဂူးဝမ်းမှာ မြင်တွေ့ရနိုင်ကြောင်း အပြိုင်အဆိုင်ဖော်ပြထားကြတယ်လို့သိရပါတယ်။သို့သော် တစ်ဖက်မှာလည်း ပီအက်စ်ဂျီဟာ အသင်းရဲ့အနာဂတ်ကို ပြောင်းလဲပုံဖော်ဖို့ကြိုးပမ်းနေတာကြောင့် လူငယ်ကစားသမားလေးတွေနဲ့ သွေးသစ်လောင်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေလို့ ဆာလက်ရဲ့အပြောင်းအရွှေ့က ယတိပြတ်ပြောလို့ရတဲ့ အနေအထားမှာမရှိသေးပါဘူး။ 

ဆာလက်ဟာ ၂၀၂၂ ခုနှစ်မှာ လီဗာပူးနဲ့ စာချုပ်သစ်ချုပ်ဆိုထားခဲ့ပေမယ့် အဆိုပါအချိန်ကတည်းက အသင်းမှာ ဆက်လက်နေထိုင်ဖို့ မသေချာတဲ့အခြေအနေတွေဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ဆာလက်သာမက ဗန်ဒိုက်ခ်နဲ့ အလက်ဇန်းဒါးအာနိုးလ်တို့ကလည်း ယခုရာသီကုန်မှာပဲ လီဗာပူးနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် ၂ ဦးစလုံး စာချုပ်သစ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာဆွေးနွေးမှု ပြုုလပ်ထားခြင်းမရှိသေးပါဘူး။ သတင်းတွေအရ အန်ဖီးလ်မှာထွက်ခွာနိုင်ချေရှိတဲ့ အာနိုးလ်ကို ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ချေရှိတယ်လို့ သိရပါတယ်။ 

ဆာလက်အနေနဲ့ ပီအက်စ်ဂျီသို့ပြောင်းရွှေ့ဖို့ အလုပ်မဖြစ်ခဲ့ပါကလည်း ခေါ်ယူဖို့ အဆင်သင့်စောင့်မျှော်နေတဲ့ဆော်ဒီပရိုလိဂ်ကလပ်တွေရှိနေပါသေးတယ်။ ပြီးခဲ့တဲ့နှစ်က ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်ဟာ ဆာလက်ကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးကတော့ ငြင်းပယ်ထားခဲ့တာဖြစ်ပါတယ်။