
ချန်ပီယံလိဂ်ဆုဖလားအရယူဖို့အတွက် အာဆင်နယ်မှာ အရင်းအမြစ်တွေရှိတယ်လို့ ယုံကြည်နေတဲ့ အာတီတာ
ပီအက်စ်ဗွီနဲ့ရင်ဆိုင်ရမယ့် နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်မတိုင်ခင် အာတီတာက သူ့ရဲ့အသင်းမှာ အခုရာသီ၊ ချန်ပီယံလိဂ်ဆုဖလားကို အရယူဖို့အတွက် အရင်းအမြစ်တွေအပြည့်ရှိနေပြီလို့ ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်၊ အရေးကြီးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နောတင်ဟမ်ဖောရက်စ်နဲ့ ဂိုးမရှိသရေကျပြီးနောက် စီးတီးဂရောင်းကွင်းကြီးမှာ ဂန်းနားတွေရဲ့အရှိန်အဟုန် စတင်ကျဆင်းလာခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ နှစ်မှတ်ဆုံးရှုံးခဲ့ရတဲ့ အာတီတာရဲ့အသင်းက နယူးကာဆယ်ကို နှစ်ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။
မြောက်လန်ဒန်ကလပ်အသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ရေးမျှော်လင့်ချက် တဖြေးဖြေးပျောက်ကွယ်လာချိန်မှာပဲ အာတီတာက သူ့ရဲ့အသင်းမှာ အခုနှစ်၊ ချန်ပီယံလိဂ်ဆုဖလားကို အရယူနိုင်ဖို့အတွက် အရင်းအမြစ်တွေရှိနေပြီလို့ ပြောဆိုရင်း ဥရောပအောင်မြင်မှုဆီ မျက်စိကျလာခဲ့ပါတယ်။ အာဆင်နယ်က လိဂ်ပုံစံအုပ်စုအဆင့်မှာ တတိယနေရာရယူပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်ခဲ့ပါတယ်။ သူတို့တွေက ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်ရှစ်ခုမှာ သုံးဂိုးသာ ခွင့်ပြုပေးခဲ့ရပြီး အင်တာမီလန်ရဲ့နောက်မှာ ဒုတိယမြောက်ခံစစ်စွမ်းဆောင်ရည်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း စပိန်လူမျိုးနည်းပြက “ ကျွန်တော်တို့ ပြောင်းလဲနိုင်တဲ့အရာ မရှိပါဘူး။ သင်ယူစရာရှိတာတွေ သင်ယူပြီး နောက်ပွဲစဉ်မှာ ဒီသင်ခန်းစာတွေကို အသုံးချသွားရပါမယ်။ အသင်းနဲ့ပတ်သက်ပြီး အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သင်ယူခဲ့ရတဲ့အရာတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်၊ ဥရောပအဆင့်ပွဲစဉ်တွေမှာ အိမ်ကွင်းအဝေးကွင်းစွမ်းဆောင်ရည်ပိုင်း အလွန်ကွာခြားခဲ့ပါတယ်။
အခုနှစ်မှာတော့ ကျွန်တော်တို့တွေ ပိုပြီးတည်ငြိမ်လာခဲ့ပါပြီ။ ဂိုးတွေအများကြီးသွင်းယူနိုင်သလို ပေးဂိုးလည်း မရှိသလောက်နီးပါးပါပဲ။ ကျွန်တော်တို့အသင်း သုံးဂိုးပဲ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီပြိုင်ပွဲမှာဆိုရင် xG အားဖြင့် အနိမ့်ဆုံးအဆင့်ဖြစ်ပါတယ်။ ဒါ အရမ်းကောင်းပါတယ်။ ကြီးမားတဲ့တိုးတက်မှုတစ်ခုပါပဲ။ကျွန်တော်တို့မှာ အဲ့ဒီလိုမျိုးအရင်းအမြစ်တွေ ရှိထားပြီး ဒီအရင်းအမြစ်တွေအကုန်လုံးကို ဒီအသင်းက အသုံးချပြခဲ့ပြီးပါပြီ။ အခုလည်း ဒီအရင်းအမြစ်တွေကို ဆက်အသုံးချသွားရပါမယ်။ အရမ်းအောင်မြင်တဲ့အသင်းတွေကို ကြည့်လိုက်မယ်ဆိုရင် ခံစစ်ပိုင်းမှတ်တမ်းက အရေးအကြီးဆုံးအချက်အဖြစ် ပါဝင်နေပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့က ဂိုးတွေအများကြီးသွင်းယူနိုင်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသခဲ့ပါတယ်။ အခု ပြိုင်ဘက်အသင်းတွေ မတူညီတော့ပေမယ့် ဒီအသင်းမှာလည်း အခုလိုစွမ်းဆောင်ရည်မျိုး ဆက်လက်ပြသဖို့အတွက် အရင်းအမြစ်မျိုးစုံရှိနေဆဲဖြစ်ပါတယ်”လို့ ပြောပါတယ်။
အာတီတာရဲ့အသင်းက လာမယ့်တနင်္ဂနွေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြိုင်ဘက်ကြီးယူနိုက်တက်နဲ့ မရင်ဆိုင်ခင် အင်္ဂါည၊ နယ်သာလန်မြေမှာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကို ဆင်နွှဲသွားရပါမယ်။