မန်စီးတီးနဲ့ပွဲကလို ခြေစွမ်းမျိုး ဆက်ထိန်းထားဖို့ ယူနိုက်တက်ကို ကာရစ်တိုက်တွန်း
မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ မိုက်ကယ်ကာရစ်က မန်ချက်စတာစီးတီးကို ၂-၀ နဲ့ဂိုးပြတ်၊ခြေပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှ အသင်းရဲ့စွမ်းဆောင်ကို အတော်လေးအားရကျေနပ်နေပြီး အဆိုပါခြေစွမ်းမျိုးကို ဆက်ထိန်းထားဖို့ အသင်းကိုတိုက်တွန်းပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ မန်စီးတီးကို ပွဲအစမှ အဆုံးအထိ လွှမ်းမိုးချုပ်ကိုင်ကစားနိုင်ခဲ့ပြီး ဘရိုင်ယန်အမ်ဘွေမို၊ ပက်ထရစ်ဒေါ်ဂူတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက်ရဲ့ နောက်ထပ်သွင်းဂိုး ၃ ဂိုးသာ လူကျွံဘောအဖြစ် မသတ်မှတ်ခံဘူးဆိုရင် ဂိုးက ဒီထက်ပိုပြတ်ဖို့ရှိခဲ့ပါတယ်။
မန်စီးတီးကတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာဂိုးပေါက်တည့်ကန်သွင်းချက် ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားဦးမှာဖြစ်ပြီး အဆိုပွဲမတိုင်မီမှာ ကာရစ်က ကစားသမားတွေကို ဒီပွဲကလိုခြေစွမ်းမျိုး ဆက်ထိန်းထားဖို့ပြောကြားလာခဲ့ပါတယ်။
ကာရစ်က " နောက်ဆုံးမှာတော့ ဒါက စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီလိုခြေစွမ်းမျိုးက ကျွန်တော်တို့အတွက် ပုံမှန်ခြေစွမ်းတစ်ခု ဖြစ်လာဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်"
"ဒီနေ့ပွဲမှာ ခံစားချက်တွေ၊ စိတ်လှုပ်ရှားမှုတွေ အပြည့်ရှိခဲ့ပေမယ့် ပွဲတိုင်းမှာတော့ ဒီလိုမျိုး ဖြစ်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ဖြစ်စေ၊ အပြင်လူတွေကဖြစ်စေ မျှော်လင့်ထားတဲ့ စံနှုန်းနဲ့ အရည်အသွေးတစ်ခု ရှိပါတယ်။ အဲ့ဒါကို ပြည့်မီအောင် လုပ်ဖို့လိုတယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်"
အောင်မြင်မှုအတွက် အဓိကသော့ချက်က ခြေစွမ်းတည်ငြိမ်မှု ပါပဲ။ အဲ့ဒါကိုသာ ရှာတွေ့နိုင်ရင် ခင်ဗျား အောင်နိုင်သူ ဖြစ်ပြီပေါ့။ ဒါကြောင့် ဒါဟာ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုဖြစ်ပြီး အဲ့ဒီလမ်းစဉ်ကို ရှာဖွေရမှာပါ။ လာမည့်အပတ်မှာလည်း ခက်ခဲတဲ့ပွဲကြီးတစ်ပွဲ ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲရလဒ်က ကျွန်တော်တို့ ရှေ့ဆက်တည်ဆောက်ဖို့အတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ဖြစ်စေပါတယ်"လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်နဲ့ပတ်သက်ပြီး ကာရစ်က "ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ အစပြုမှုတစ်ခုပါပဲ။ ပွဲမတိုင်ခင်ကတည်းက နည်းပြအဖွဲ့ဝင်တွေနဲ့ စကားပြောခဲ့ကြပြီး ကစားသမားတွေ အခြေအနေကောင်းနေတယ်ဆိုတာ သိထားပါတယ်။ ကျွန်တော်တို့ ပြင်ဆင်ခဲ့တဲ့ ရက်အနည်းငယ်အပေါ် ကျေနပ်မိပါတယ်"
"ဒါပေမဲ့ စီးတီးက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ အသင်းပါ။ အရည်အချင်းရှိတဲ့ ကစားသမားတွေအများကြီးရှိပြီး ပုံစံအမျိုးမျိုး ပြောင်းလဲကစားနိုင်ကြတယ်။ ပွဲက ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ပေမယ့် ကစားသမားတွေက နည်းမျိုးစုံနဲ့ အကောင်းဆုံး ကစားသွားခဲ့ကြပါတယ်။ ကျွန်တော်တို့ပေးထားတဲ့ အချက်အလက်တွေနဲ့ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကောင်းကောင်း ထိန်းချုပ်သွားနိုင်တာ တကယ်ကို ကောင်းမွန်ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။