The network connection is lost.

Banner Image

ယာမယ်လ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်နေပြီလို့ မက်ဆီပြော

ဘာစီလိုနာကြယ်ပွင့် ကစားသမား လမိုင်းယာမယ်လ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ မက်ဆီက အသက် ၁၇ နှစ်အရွယ်ရှိတဲ့ ယာမယ်လ်ဟာ "ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်နေပြီ" လို့ ပြောကြားခဲ့တာပါ။ ယာမယ်လ်ဟာ ၂၀၂၃ ခုနှစ်မှာ ဘာစီလိုနာအသင်းမှာ စတင်ကစားခဲ့ပြီးကတည်းက ကလပ်အသင်းရော၊ နိုင်ငံအသင်းမှာပါ ခြေစွမ်းပြနေပါတယ်။ 

တိုးတက်မှုနှုန်းက အရမ်းမြန်ဆန်တာကြောင့် ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်ရော စပိန်နည်းပြ လူးဝစ်ဒီလာဖွန်တီတို့ကပါ အဓိကကစားသမားအဖြစ် အသုံးပြုလာခဲ့ကြပါတယ်။  ၂၀၂၄ ခုနှစ်ကုန်မှာ ယာမယ်လ်ဟာ Kopa ဆုနဲ့ Golden Boy ဆုတွေကို ရရှိခဲ့ပါတယ်။ ဒီရာသီမှာလည်း ယာမယ်လ် ခြေစွမ်းပြသနေပြီး လာလီဂါမှာ ဂိုးဖန်တီးမှု ၁၁ ကြိမ်နဲ့ ဦးဆောင်နေပါတယ်။ ဧရိယာထဲကို ပေးပို့မှုတွေ၊ ဂိုးဖြစ်စေမယ့်ပေးပို့မှုတွေ၊ အောင်မြင်တဲ့ဘောလုံးထိန်းချုပ်မှုတွေစတဲ့ တိုက်စစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေမှာလည်း ထိပ်ဆုံးအဆင့်က ရပ်တည်နေပါတယ်။

ယာမယ်လ်ရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး မက်ဆီက "ကလေးတွေက အရာအားလုံးကို ကြည့်ပြီး တုပကြတယ်၊ သူတို့က လူတိုင်းကိုသိတယ်၊ လိုက်ကြည့်ကြတယ်။ သူတို့ပြောနေကြတဲ့ကစားသမားတွေက အမ်ဘာပေ၊ ဗင်နီဂျူနီယာ၊ ဟာလန်း၊ လီဝန်ဒေါစကီးနဲ့ ယာမယ်လ်တို့ပါပဲ" လို့ မက်ဆီက ပြောပါတယ်။ အင်တာမီယာမီအသင်းရဲ့ကစားသမားဖြစ်တဲ့ မက်ဆီက ယာမယ်လ်ရဲ့ ထူးချွန်တဲ့ အရည်အသွေးတွေနဲ့ပတ်သက်ပြီး အသေးစိတ်ပြောပြခဲ့ပါတယ်။ 

မက်ဆီက"လာမင် ယာမာလ်က လုပ်ပြနေတာတွေက အရမ်းကိုအထင်ကြီးစရာကောင်းပါတယ်။ သူက စပိန်အသင်းနဲ့အတူ ဥရောပချန်ပီယံဆုကို ရရှိထားပြီးပါပြီ။ သူက အခုမှ ၁၇ နှစ်ပဲရှိသေးတယ်၊ ဖွံ့ဖြိုးတိုးတက်ဆဲကာလမှာရှိနေပြီး ကျွန်တော့်လိုပဲ ဆက်ပြီးတိုးတက်နေဦးမှာပါ။ သူမှာ အရည်အသွေးတွေအများကြီးရှိပြီးသားဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်နေပါပြီ"လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မက်ဆီကိုယ်တိုင်က အင်တာမီယာမီမှာ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်ကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး မေဂျာလိဂ် ရာသီကုန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ဖို့ စီစဉ်ထားတဲ့ မက်ဆီဟာ အနည်းဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲပြီးတဲ့အထိ အမေရိကန်မှာ ဆက်ရှိနေဖို့အတွက် အင်တာမီယာမီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ်လို့ မျှော်လင့်ရပါတယ်။