ဘော်လွန်းဒီအော်ရဖို့ ယုံကြည်ချက်ရှိကြောင်း အခိုင်အမာပြောကြားလာတဲ့ အမ်ဘာပေ
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေက သူ့အနေနဲ့ တစ်ချိန်ချိန်မှာ ဘော်လွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ထားကြောင်း အခိုင်အမာပြောကြားလာခဲ့ပြီး တစ်ဦးချင်းအနေနဲ့ တိုးတက်ဖို့အတွက်လည်း ကြိုးစားသွားရဦးမယ်လို့ ဝန်ခံလာခဲ့ပါတယ်။
ပြင်သစ်စူပါစတားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး ယခု ၂၀၂၄-၂၅ ရာသီ လာလီဂါ ၁၅ ပွဲကစားထားရာမှာ ၉ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ သို့သော်လည်း အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အတွက် စတင်ကစားခဲ့တဲ့ ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ် ၅ ပွဲမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အမ်ဘာပေဟာ ချန်ပီယံလိဂ်ဆုဖလားကို နှစ်စဉ်နှစ်တိုင်းမှာ ပစ်မှတ်ထားခဲ့ပေမယ့် တစ်ကြိမ်မှ ဆွတ်ခူးနိုင်ခြင်းမရှိသေးဘဲ ၂၀၁၉-၂၀ ရာသီမှာ ဗိုလ်လုပွဲအဆင့်အထိရောက်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ပြီး ဆုဖလားကို လက်လွှတ်ခဲ့ရပါတယ်။
သို့သော်လည်း ယခုအခါမှာတော့ ဆန်တီယာဂိုဘာနေဗျူးသို့ရောက်ရှိလာပြီဖြစ်တဲ့ ပြင်သစ်သားက သူဟာ ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်ဖို့ အကောင်းဆုံးအသင်းကိုရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ အမ်ဘာပေက “ကျွန်တော့်အတွက်ဆွတ်ခူးစရာ ထိပ်တန်းဆုဖလားတစ်လုံးကျန်ရှိပါသေးတယ်။ ချန်ပီယံလိဂ်ပါ။ ဒါကြောင့်အခု ကျွန်တော်ကအကောင်းဆုံးအသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။ ပြီးတော့ ယူရိုဖလားနဲ့ အိုလံပစ်ဖလားတွေလည်း ယူဖို့ကျန်ပါသေးတယ်။ တစ်ဦးချင်းဆုတံဆိပ်အနေနဲ့ ဘော်လွန်းဒီအော်လိုဆုတွေလည်း ဆွတ်ခူးရပါဦးမယ်။ ကျွန်တော်ဘာတွေလိုချင်လဲ ကျွန်တော်သိပါတယ်။ ရအောင်လည်းယူသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အမ်ဘာပေက ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပေးဆပ်ဖို့လည်း အဆင်သင့်ရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။ အသက်-၂၅ နှစ်အရွယ်ကစားသမားက “ပြင်သစ်အသင်းက ကမ္ဘာ့အဆင့်အတန်းအမြင့်ဆုံး ဘောလုံးအသင်းအဖြစ် ရပ်တည်ထားနိုင်ဆဲပါ။ ကျွန်တော်အမြဲတမ်းပြောတာရှိပါတယ်။ ကျွန်တော့်အတွက် ပြင်သစ်အသင်းလောက် ဘယ်အရာမှာအရေးမကြီးပါဘူး။ ပြင်သစ်အတွက် ကျွန်တော့်ရဲ့အချစ်တွေက ဘယ်တော့မှမပြောင်းလဲပါဘူး။ ကျွန်တော် ဒီအသင်းကိုအရမ်းလည်းလွမ်းပါတယ်။ စက်တင်ဘာလမှာ ကျွန်တော်မက်ဒရစ်ကိုစရောက်တော့ အသင်းကနေ ဖယ်ရှားထားပေးဖို့ နည်းပြကိုပြောခဲ့ပါတယ်။ ကျွန်တော် အပန်းဖြေခရီးတိုတစ်ခုထွက်ခဲ့ပြီး နည်းပြကလည်း ကျွန်တော့်ကို ခွင့်ပြုခဲ့ပါတယ်”
“အောက်တိုဘာလမှာတော့ ကျွန်တော် ဒဏ်ရာရနေခဲ့လို့ လူစာရင်းမှာမပါခဲ့ပါဘူး။ နိုဝင်ဘာလက ကျွန်တော်ပြင်သစ်အသင်းမှာ မပါဝင်ခဲ့ရတာနဲ့ပတ်သက်ပြီး ပြောစရာမရှိပါဘူး။ ဒါကနည်းပြရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော်က သူခိုင်းတာလုပ်ရတာပါ။ သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်လေးစားပါတယ်။ ပြင်သစ်အတွက်ကစားပေးချင်ခဲ့ပေမယ့် ဘာကြောင့်ကျွန်တော့်ကို မရွေးချယ်တာလဲဆိုတာကိုတော့ မေးခွန်းသွားထုတ်လို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။