ဘုရင်ကြီးတစ်ပါးလို စပါယ်ရှယ်နေထိုင်မှုပုံစံကို ဖန်တီးထားနိုင်တဲ့ သန်းကြွယ်သူဋ္ဌေးလေး အမ်ဘာပေ
အမ်ဘာပေဆိုတာ ကမ္ဘာ့အကျော်ကြားဆုံး ဘောလုံးသမားတွေအနက် တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ကျော်ကြားမှုနဲ့ ခြေစွမ်းပိုင်းတွေကြောင့် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်က အသက်-၂၄ နှစ်အရွယ် ပြင်သစ်ကြယ်ပွင့်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၂၅၈ သန်းအထိ ပေးချေဖို့ ဝန်မလေးခဲ့ပါဘူး။ ဒါ့အပြင် အရှေ့အလယ်ပိုင်းကလပ်က ပီအက်စ်ဂျီတိုက်စစ်မှူးကို တစ်နှစ်လုပ်ခလစာ ပေါင် ၆၀၅ သန်းအထိ ပေးချေကာ ကမ္ဘာ့လစာအများဆုံး အားကစားကြယ်ပွင့်အဖြစ် ချီးမြှောက်ပေးဖို့ လိုလားခဲ့ပါတယ်။
ပြက္ခဒိန်တစ်နှစ်အတွက် လုပ်ခလစာ ပေါင် ၆၁ သန်းဝန်းကျင်ရရှိနေတဲ့ အမ်ဘာပေက ပေါင်သန်း ၁၅၀ ဝန်းကျင်အထိ ချမ်းသာကြွယ်ဝသူဖြစ်ပြီး အခုလိုကြွယ်ဝမှုတွေကပဲ သူ့အတွက် အံ့ဖွယ်လူနေမှုပုံစံ ဖန်တီးပေးထားတယ်လို့ သုံးသပ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ ပါရီမြို့တော်ရှိ ရင်သပ်ရှုမောဖွယ် တိုက်ခန်းမှ အကောင်းစား မော်တော်ကားတွေ စုဆောင်းနိုင်မှုနဲ့အတူ အထူးသီးသန့်မှာယူထားတဲ့ Louis Vuitton ဘတ်စကတ်ဘောခြင်းတွေလို အမ်ဘာပေရဲ့ ချမ်းသာကြွယ်ဝမှုအကြောင်း ဖော်ပြပေးသွားပါမယ်။
ရင်သပ်ရှုမောဖွယ် တိုက်ခန်း
----------------------------
အမ်ဘာပေက ပါရီမြို့တော်၊ ဘွန်ဒီဆင်ခြေဖုံးဒေသမှာ နေထိုင်ကြီးပြင်းခဲ့ရပါတယ်။ ဘောလုံးနည်းပြဖြစ်သူနဲ့ ဟမ်းဘောအားကစားမယ်တို့ရဲ့ သားလေးဟာ အခုအချိန်မှာတော့ ရှင်ဘုရင်ကြီးတစ်ပါးလို နေထိုင်နေပါပြီ။ သတင်းတွေအရ အမ်ဘာပေက ပါရီမြို့လယ်ရှိ၊ အထပ်ပေါင်းများစွာပါတဲ့ မိုးပျံတိုက်ခန်းမှာ နေထိုင်နေတယ်လို့ သိရပါတယ်။ ပိုကောင်းတာတစ်ခုကတော့ သူ့ရဲ့တိုက်ခန်းမှတဆင့် ပြင်သစ်နိုင်ငံရဲ့ ဂန္တဝင်ပုံရိပ်တွေဖြစ်တဲ့ အီဖယ်မျှော်စင်နဲ့ Champs de Mars ပန်းခြံတို့ကို ရှုမြင်နိုင်တာပါပဲ။
အမ်ဘာပေက Instagram လူမှုကွန်ရက်မှတဆင့် ခရုပတ်ပုံလှေကားတစ်ခုအပါအဝင် သူ့ရဲ့တိုက်ခန်းတွင်းမှာရှိတဲ့ ပိုင်ဆိုင်မှုအချို့ကို ပြသခဲ့ပါတယ်။ ပေါင်ရှစ်သန်းဝန်းကျင်တန်ကြေးရှိတဲ့ စတိုင်ကျလှပတဲ့ အမ်ဘာပေရဲ့တိုက်ခန်းမှာ အိပ်ခန်း ၁၂ ခန်း၊ ဘတ်စကတ်ဘောကွင်း၊ စာကြည့်တိုက်၊ gym နဲ့ တူရကီစတိုင်ရေချိုးခန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
“ကျွန်တော့်အတွက် အကြီးမားဆုံး ကုန်ကျစရိတ်လား? သာယာတဲ့နေအိမ်တစ်လုံးအတွက်ပေါ့။ ဒါက ကျွန်တော့်ရဲ့မိသားစုအတွက် အရေးပါပါတယ်”လို့ အမ်ဘာပေက ပြောခဲ့ဖူးပါတယ်။
အဆင့်မြင့်ဇိမ်ခံကားတွေ စုဆောင်းခြင်း
-----------------------------------------
အမ်ဘာပေလို အရည်အချင်းရှိတဲ့ အားကစားသမားတစ်ဦးအတွက် အဆင့်မြင့်ဇိမ်ခံကားတွေ စုဆောင်းတာက သိပ်တော့လည်း မထူးဆန်းပါဘူး။ သူ့ရဲ့ကားဂိုဒေါင်ထဲမှာဆိုရင် ပေါင်လေးသိန်းတန် Ferrari Hybrid SF90 Stradale ကားအပြင် အခြားဇိမ်ခံကားများစွာနဲ့ ပြည့်နေပါတယ်။ ဒါ့အပြင် ပြင်သစ်ကြယ်ပွင့်မှာ Ferrari 488 Pista တစ်စီး၊ Mercedes V Class van တစ်စီးနဲ့ Volkswagen Multivan တစ်စီးတို့ ပိုင်ဆိုင်ထားပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ဘယ်သူမှထင်မှတ်မထားတဲ့ အချက်တစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ အမ်ဘာပေ မော်တော်ကားမမောင်းတက်ဘူး ဆိုတာပါပဲ။ Marca သတင်းဌာနနဲ့တွေ့ဆုံချိန် အမ်ဘာပေက “အစောပိုင်းကာလတွေမှာပဲ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ဘဝရဲ့ အားနည်းချက်က ယာဉ်မောင်းလိုင်စင်တစ်ခုရှိခြင်းတို့လို အလွန်ရိုးရှင်းတဲ့ အရာလေးတွေနဲ့ လွဲချော်တာပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ယာဉ်မောင်းလိုင်စင်ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ လူတိုင်းအတွက်တော့ ယာဉ်မောင်းလိုင်စင်က တာဝန်တစ်ခုလိုဖြစ်နေပေမယ့် ကျွန်တော့်အတွက်တော့ အဲ့ဒီလိုမျိုး မဟုတ်ပါဘူး။ ကျွန်တော့်မှာ ကိုယ်အလိုရှိသလို ညွှန်ကြားလို့ရတဲ့ ဒရိုင်ဘာတွေရှိတာကြောင့် ကျွန်တော်ဟာ လွတ်လွတ်လပ်လပ် သွားလာလို့ ရပါတယ်။ ကားမောင်းတက်ဖို့ကိစ္စက ကျွန်တော့်အတွက်တော့ ဦးစားပေးအလုပ်တစ်ခု မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဘက်က သူ့ကို ကားမောင်းသင်ရန် တိုက်တွန်းခဲ့ပေမယ့် ကာယကံရှင်ကိုယ်တိုင်ကတော့ ဒီကိစ္စဟာ အရေးမကြီးတဲ့အရာလို့ ယူဆခဲ့ပါတယ်။
ဖက်ရှင်ကျကျ လူမှုဘဝ
--------------------------
အမ်ဘာပေတစ်ယောက် ပါရီမြေမှ မထွက်ခွာဘူးဆိုရင် လာမယ့်စက်တင်ဘာလအတွင်း သူ့ကို ဖက်ရှင်ပြပွဲတစ်ခုရဲ့ ရှေ့ဆုံးခုံတန်းမှာ မြင်တွေ့ရပါလိမ့်မယ်။ ပီအက်စ်ဂျီအသင်းဖော်နေမာလိုပဲ အမ်ဘာပေက နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေရှိသူ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ပြင်သစ်တိုက်စစ်မှူးက Dior အမှတ်တံဆိပ်၊ အမျိုးသားဝတ်နဲ့ ရေမွှေးတို့အတွက် Brand Ambassador အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် trainers အမျိုးအစားဖိနပ်တွေကတော့ အမ်ဘာပေ အကြိုက်ဆုံးအရာတွေပဲ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ အမေရိကန်နိုင်ငံမှာပြုလုပ်တဲ့ trainers အရောင်းပွဲတော်ဆီ အမ်ဘာပေသွားရောက်ခဲ့ပြီး Nike Air Max 90 Ice 'Gym Red' နဲ့ Air Jordan XI 'Pantone' ဖိနပ်တွေကို ရွေးချယ်ဝယ်ယူခဲ့ပါတယ်။ ဒီဖိနပ်နှစ်စုံရဲ့တန်ကြေးက ပေါင် ၁,၀၀၀ နီးပါး ရှိပါတယ်။
ပထမတန်းစားခရီးသွားလာမှုပုံစံ
----------------------------------
မက်ဆီ၊ စီရော်နယ်ဒိုတို့လိုမျိုး ကိုယ်ပိုင်ဂျက်လေယာဉ် မရှိသေးပေမယ့် အမ်ဘာပေက ခရီးသွားလာဖို့အတွက် Charter One လေကြောင်းလိုင်းကို အမြဲလိုလို အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်း ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေမှာ အမ်ဘာပေက သူ့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း ဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့မှုကို ပြင်သစ်ကလပ်ဘက်မှ ပယ်ချခဲ့ပါတယ်။
Der Spiegel ဝက်ဘ်ဆိုဒ်ရဲ့အဆိုအရ အမ်ဘာပေက တစ်နှစ်လျှင် နာရီ ၅၀ ကြာ ကိုယ်ပိုင်ဂျက်လေယာဉ်အသုံးပြုခွင့် ရရှိဖို့ဆိုတဲ့အချက်ကို သူ့ရဲ့စာချုပ်သစ်မှာ ထည့်သွင်းချင်ခဲ့တယ်လို့ သိရပါတယ်။ ဒါတွေကြောင့်နဲ့တော့ အမ်ဘာပေရဲ့ ခရီးသွားလာမှုကို ရပ်တန့်လိုက်ဖို့ မဖြစ်နိုင်ပါဘူး။
ပြီးခဲ့တဲ့လအတွင်းမှာပဲ အမေရိကန်နိုင်ငံ၊ မီယာမီကမ်းခြေဒေသဆီ အမ်ဘာပေခရီးထွက်ခဲ့သလို ပီအက်စ်ဂျီအသင်းဖော် ဟာကီမီနဲ့အတူ နယူးယော့ခ်မြို့ဆီလည်း ခရီးဆက်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် အတိတ်ကာလတွေမှာ ဆော်ဒီမြေဆီ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဘန်ဇီးမားနဲ့လည်း ဂရိနိုင်ငံဆီ ခရီးထွက်ခဲ့ဖူးပါတယ်။
သီးသန့်ကုန်ပစ္စည်များ
------------------------
ဘောလုံးသမားတွေက ကုန်ပစ္စည်းတွေကို သူူတို့အတွက် အထူးထုတ်လုပ်ပေးတာမျိုးကို ကြိုက်နှစ်သက်ပါတယ်။ အမ်ဘာပေလည်း အလားတူပါပဲ။ ပြင်သစ်ကြယ်ပွင့်က ပေါင် ၅၀၀ ဝန်းကျင်တန်ကြေးရှိ အိုင်ဖုန်းရွှေသားဖုန်းကာဗာကို သုံးစွဲသူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် Louis Vuitton မှ သူ့အတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ ဘတ်စကတ်ဘောခြင်းနဲ့ နာမည်အတိုကောက် ‘KM’ လို့ရေးထိုးထားတဲ့ ဘောလုံးလေးနှစ်လုံးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီပစ္စည်းတွေရဲ့တန်ကြေးကတော့ ပေါင် ၄,၆၀၀ ရှိပါတယ်။
လက်ပတ်နာရီကဏ္ဍ
--------------------
အသင်းဖော်နေမာနဲ့ယှဉ်ကြည့်ရင် အမ်ဘာပေရဲ့ လက်ပတ်နာရီစုဆောင်းမှုက ဘာမှမဟုတ်သေးပေမယ့် အခြားတဖက်မှကြည့်မယ်ဆိုရင် လက်ပတ်နာရီတွေအပေါ် သူ့ရဲ့စွဲလမ်းမှုက အံ့မခန်းလောက်စရာပါပဲ။ တစ်နှစ်လျှင် ပေါင်တစ်သန်းဝန်းကျင်တန်ကြေးရှိ Hublot နဲ့ စပွန်ဆာစာချုပ်တစ်ရပ် ချုပ်ဆိုထားတဲ့ အမ်ဘာပေက သူ့ရဲ့စပွန်ဆာကုမ္ပဏီအပေါ် သစ္စာစောင့်သိမှုကို ပြသထားပါတယ်။
ပြင်သစ်စတားက Hublot မှထုတ်ဝေတဲ့ ပေါင် ၁၄,၀၀၀ တန် Big Bang Unico model နာရီ၊ ပေါင် ၁၆,၀၀၀ တန် Big Bang Millennial Pink နာရီနဲ့ ပေါင် ၇၈,၀၀၀ တန် Spirit of Big Bang Sapphire နာရီတို့ကို ဝတ်ဆင်လေ့ရှိပါတယ်။ ဒါပေမယ့် Audemars Piguet ရဲ့စွဲဆောင်မှုကလည်း အမ်ဘာပေကို တုန်လှုပ်ယိမ်းယိုင်သွားစေပါတယ်။ သူစုဆောင်းထားတဲ့ နာရီတွေမှာ ပေါင် ၃၀,၀၀၀ တန် The Royal Oak Offshore Chronograph 26400IO လည်း ပါဝင်ပါတယ်။
အလှူရေစက်လက်နဲ့မကွာ
-----------------------------
အမ်ဘာပေက သူ့အကြောင်းပြောပြရတာ ကြိုက်နှစ်သက်ပေမယ့် ကံအကျိုးပေးအားနည်းသူတွေကိုလည်း ဘယ်တော့မှ လစ်လျူမရှုတက်ပါဘူး။ ၂၀၁၉ ခုနှစ် နန့်တက်စ်တိုက်စစ်မှူးဟောင်း ဆာလရဲ့လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ ပုဂ္ဂလိက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့ ရန်ပုံငွေအဖြစ် ပေါင် ၂၆,၀၀၀ မတည်လှူဒါန်းပေးခဲ့ပါတယ်။
အဲ့ဒီမတိုင်ခင်နှစ်တုန်းကလည်း အမ်ဘာပေက သူ့ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကြေးနဲ့ ဆုကြေးငွေတွေ အားလုံးကို ကလေးသူငယ်ဆိုင်ရာပရဟိတအသင်း တစ်ခုဆီ လှူဒါန်းခဲ့ပါတယ်။ ဒီလှူဒါန်းမှုက ပေါင် ၄၀၀,၀၀၀ အထိ တန်ဖိုးရှိတယ်လို့ ယုံကြည်ရပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာလည်း အမ်ဘာပေက Inspired by KM လို့ အမည်ရတဲ့ ပရဟိတအစီအစဉ်သစ်ကို ပါရီမြို့တော်၊ ဟိုတယ်တစ်ခုရှေ့ စတိတ်စင်မြင့်ပေါ်မှတဆင့် လူ ၃၀၀ ကျော်ပါဝင်တဲ့ ပရိသတ်ကြီးကို အသိပေးကြေညာခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်းက အသက်-၂၁ နှစ်သက်သာရှိသေးတဲ့ ပီအက်စ်ဂျီစတားက ပြင်သစ်မြို့တော်မှာရှိတဲ့ ကလေးငယ် ၉၈ ဦးကို ကူညီပေးမယ့် “အိပ်မက်တွေကို ဖြည့်ဆည်းပေး” လူမှုထောက်ကူအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ဒီကလေးငယ်တွေ လုပ်ငန်းခွင်ဝင်ချိန်မတိုင်ခင်အထိ ကျွန်တော်တို့က သူတို့လေးတွေကို ထောက်ပံ့ကူညီပေးသွားပါမယ်”လို့ အမ်ဘာပေက ပြောကြားခဲ့ရာ လူထုပရိသတ်ကြီးက အင်တိုက်အားတိုက် အားပေးထောက်ခံခဲ့ပါတယ်။ သေချာတာကတော့ စိတ်ကောင်းရှိတဲ့ ဘောလုံးသမားကောင်းတွေထဲမှာ အမ်ဘာပေလည်း ပါဝင်တယ်ဆိုတာပါပဲ။