The network connection is lost.

Banner Image

ချဲလ်ဆီးပစ်မှတ် ဒီလပ်မှာ ဟာလန်းနဲ့ ကိန်းတို့ရဲ့ အရည်အချင်းတွေရှိတယ်လို့ ဆိုပြီး ဂျက်ဆန်ကတော့ "အကောင်းဆုံး" ဖြစ်တယ်လို့ မာရက်စ်ကာ ပြောကြား

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့ ပစ်မှတ်စာရင်းဝင်ဖြစ်တဲ့ အစ်ဆွစ်တိုက်စစ်မှူး လီယံ ဒီလပ်ဟာ ဟယ်ရီကိန်းနဲ့ အာလင်းဟာလန်းတို့လို ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတွေနဲ့ ပုံစံတူညီမှုတွေရှိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။  ဒါပေမဲ့ မာရက်စ်ကာကတော့ နီကိုလပ်ဂျက်ဆန်ဟာ ချယ်လ်ဆီးအသင်းအတွက် "အကောင်းဆုံး" နံပါတ် (၉) ကစားသမားဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ အစ်ဆွစ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမဲ့ ဒီလပ်ကတော့ ၁၂ ဂိုးအထိသွင်းယူပြီး အသင်းအတွက် ခြေစွမ်းပြနေပါတယ်။  မန်စီးတီးအသင်းရဲ့ လူငယ်ကစားသမားဟောင်းဖြစ်သူကို ချဲလ်ဆီးအပါအဝင် ထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။  မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက ဒီလပ်နဲ့ ဥရောပထိပ်တန်းတိုက်စစ်မှူးတချို့ရဲ့ နှိုင်းယှဉ်မှုတွေကို အသိအမှတ်ပြုခဲ့ပါတယ်။

"ဂိုးအရေအတွက်အရဆိုရင် လီယံက အရမ်းကိုကောင်းပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၂ ဂိုးအထိ သွင်းယူထားပြီးပါပြီ။ ဂိုးအရေအတွက်သက်သက်တင်မကဘဲ သူကစားပုံ၊ တိုက်ခိုက်ပုံနဲ့ အမြဲတမ်း 'ရှိနေ' တာမျိုးတွေက အရမ်းကောင်းပါတယ်။ လီယံဒီလပ်ကို ဟယ်ရီကိန်းနဲ့ အာလင်းဟာလန်းတို့နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင်တော့ နည်းနည်းစောနေပါသေးတယ်။ ဒါပေမဲ့ ပုံစံအရပြောရရင် သူက အဲဒီလိုမျိုးကစားသမားမျိုးပါပဲ။ သူတို့အားလုံးက တကယ့်ကို ဂိုးသမားတွေပါ။ ဂိုးဧရိယာထဲမှာ ကစားတဲ့ ကစားသမားတွေပါ"လို့ မာရက်စကာက ပြောပါတယ်။

ဒီလပ်ရဲ့ အရည်အချင်းတွေကို အပြုသဘောနဲ့ သုံးသပ်ခဲ့ပေမဲ့ မာရက်စကာက လက်ရှိချယ်လ်ဆီးတိုက်စစ်မှူး နီကိုလပ် ဂျက်ဆန်အပေါ်မှာ ယုံကြည်မှုအပြည့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ "ကျွန်တော့်အတွက် အကောင်းဆုံး နံပါတ် (၉) ကစားသမားကတော့ နီကိုဂျက်ဆန်ပါပဲ။ ကျွန်တော်တို့မှာ နံပါတ် (၉) ကစားသမားတစ်ယောက်ရှိပြီးသားပါ။ အခုက နွေရာသီလည်း မဟုတ်သေးပါဘူး။ ဂျက်ဆန်လိုမျိုး ကစားသမားမျိုးရှိရင်တော့ အဆင်ပြေပါတယ်။ ဂျက်ဆန်နဲ့ဆိုရင် ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်တယ်ဆိုတာကို ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ၊ သင်တို့လည်း မြင်တွေ့ခဲ့ရပြီးသားပါ။ ဂျက်ဆင်က ကျွန်တော်တို့အတွက် လိုအပ်တဲ့ကစားသမားပါ" လို့ ဆိုပါတယ်။

အသင်းအတွက် ဂျက်ဆန်ရဲ့ ပံ့ပိုးကူညီမှုတွေအပေါ် မာရက်စ်ကာက "ပြီးခဲ့တဲ့ရာသီက သူဟာ ပင်နယ်တီမပါဘဲ ဂိုးတွေသွင်းယူခဲ့ပါတယ်။ ဒီရာသီမှာလည်း ဒဏ်ရာမရခင်အထိ ဂိုးတွေသွင်းယူခဲ့ပါတယ်။ အခုဆိုရင် ပင်နယ်တီမပါဘဲ ဂိုးတွေပိုပြီးသွင်းယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဂျက်ဆန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ နောက်ရာသီနဲ့ပတ်သက်ပြီးတော့ အခုအချိန်မှာ (အပြောင်းအရွှေ့တွေအကြောင်း) ပြောဖို့အချိန်မဟုတ်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ (နံပါတ် ၉) ကစားသမားတစ်ယောက်ရှိပါတယ်။ သူက စစကတည်းက ကောင်းကောင်းကစားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူ့ကို ကျွန်တော်တို့ လွဲချော်ခဲ့ရပြီး တခါတရံမှာ ကစားသမားတစ်ယောက်ရဲ့ အရေးပါပုံကို သိရှိဖို့အတွက် သူ့ကိုလွဲချော်ရတာမျိုးတွေရှိပါတယ်။ ဂျက်ဆန်မရှိတဲ့အချိန်နဲ့ သူရှိတဲ့အချိန်မှာ ကျွန်တော်တို့အသင်းက လုံးဝကွဲပြားပါတယ်၊ ကျွန်တော်တို့ရဲ့ တိုက်စစ်မှူးအဖြစ် ဂျက်ဆန်ရှိနေတာကို ပျော်ရွှင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။