
ပရိတ်သတ်တွေ မကျေမနပ်ဖြစ်နေတဲ့ အသင်းကစားဟန်ကို ကာကွယ်ပြောဆိုခဲ့တဲ့ မာရက်စ်ကာ
ချဲလ်ဆီးအသင်းအနေဖြင့် လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေပြီး ရေရှည်မှာ အသင်းကို အထောက်အကူပြုမယ့် ကစားကွက်ပုံစံကို ဖန်တီးယူနေတယ်လို့ ပြောဆိုရင်း သီတင်းပတ်ကုန်ပိုင်းမှာ လူအများလှောင်ပြောင်စရာဖြစ်ခဲ့တဲ့ သူ့ရဲ့ကစားသမားတွေကို မာရက်စ်ကာကိုယ်တိုင် လှိုက်လှိုက်လှဲလှဲကာကွယ်ပြောဆိုခဲ့ပါတယ်။လတ်တလော ချဲလ်ဆီးက အစ်ဆွစ်ချ်တောင်းနဲ့ရင်ဆိုင်ရတဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ဦးဆောင်ဂိုးနှစ်ဂိုးအထိ ခွင့်ပြုပေးခဲ့ရပြီး နောက်မှလိုက်ကစားကာ သရေရလဒ်ဖန်တီးခဲ့ပါတယ်။ တန်းဆင်းဇုန်ဖိအားရှိနေတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရချိန် အလုပ်မဖြစ်တဲ့ ကစားကွက်နဲ့ လူထုတ်ပုံအခင်းအကျင်းတွေကို အသုံးပြုခဲ့လို့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း စိတ်မရှည်တော့တဲ့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
သူတို့တွေက အမှတ်ပေးဇယားဆဋ္ဌမနေရာဆီ ဆင်းပေးခဲ့ရပေမယ့် နည်းပြမာရက်စ်ကာကတော့ သူ့ရဲ့ပွဲချဉ်းကပ်မှုပုံစံကို ရာနှုန်းပြည့်ယုံကြည်နေပြီး သူတို့အသင်း တိုးတက်လာပြီလို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးက ဒီည၊ အိမ်ကွင်းမှာ လီဂီယာဝါဆောကို ယူရိုပါကွန်ဖရန့်လိဂ်ကွာတားဖိုင်နယ်အဖြစ် ဧည့်ခံကစားရပါမယ်။ မာရက်စ်ကာက “ ပြီးခဲ့တဲ့တစ်နှစ်၊ နှစ်နှစ်အတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ကျွန်တော်လည်း ဒီမှာမရှိလို့ မသိပါဘူး။ အကဲဖြတ်ဖို့ဆိုတာလည်း ခက်ခဲလွန်းပါတယ်။ ဒါပေမယ့် အခုဘောလုံးရာသီမှာတော့ ကျွန်တော်တို့အသင်း တိုးတက်လာပါပြီ။
ကျွန်တော်တို့တွေ ယူရိုပါကွန်ဖရန့်လိဂ်ဆီမီးဖိုင်နယ် တက်ရောက်နိုင်မယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်၊ ဒါက ချန်ပီယံလိဂ်မဟုတ်ပါဘူး။ ဒါပေမယ့် အဆုံးမှာတော့ ဥရောပအဆင့်ပြိုင်ပွဲတစ်ရပ် ဖြစ်ပါတယ်။
ရာသီတလျှောက်လုံးမှာလည်း ကျွန်တော်တို့တွေ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းမှာ ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်တုန်းကဆိုရင် အသင်းက ထိပ်ဆုံးလေးသင်းစာရင်းမှာတောင် မရှိနေခဲ့ပါဘူး။ ဒါကြောင့် အသင်းရဲ့ရည်ရွယ်ချက်ရော၊ အသင်းရဲ့ပုံစံပါ မှန်ကန်နေတယ်ဆိုတာ ရှင်းလင်းလွန်းတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး မာရက်စ်ကာက ပရိသတ်တွေရဲ့လှောင်ပြောင်သံတွေကို မကြားမိဘူးလို့ ပြောဆိုခဲ့ပြီး လာမယ့်ရာသီမှာ ထပ်မံတိုးတက်လာဦးမယ်လို့ သူကိုယ်တိုင်ယုံကြည်နေတဲ့ အသင်းရဲ့တိုးတက်မှုအတွက် ပရိသတ်တွေရဲ့အားပေးမှုတွေဟာ အလွန်အရေးကြီးတယ်လို့ သုံးသပ်ခဲ့ပါတယ်။
သူက “ ဘောလုံးမှာ ပရိသတ်တွေဆိုတာ အလွန်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေတယ်လို့ ထင်ပါတယ်။ ကလပ်အသင်းတစ်ခုအဖြစ် ပရိသတ်တွေရဲ့အားပေးမှုရရှိနေဖို့ အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအားပေးမှုခံစားချက်ကို ကစားသမားတွေကိုယ်တိုင် ခံစားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေနဲ့ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ကျွန်တော်ပြောချိန်တိုင်း ဒါက ကျွန်တော်တို့တွေ မှန်ကန်တဲ့နည်းလမ်းနဲ့ ကစားရမယ်၊ အခွင့်အရေးတွေဖန်တီးရင်း ဂိုးတွေသွင်းယူဖို့ ကြိုးစားရမယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂိုးသွင်းယူပြီးချိန်တိုင်း လူတိုင်းရဲ့ခံစားချက်တွေလည်း ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။
အိမ်ကွင်းမှာကစားရတဲ့ပွဲစဉ်အများစုမှာ ပရိသတ်တွေက အသင်းကို အံ့အားသင့်လောက်စရာကောင်းအောင် အားပေးခဲ့ပါတယ်။ အချို့အချို့သောပွဲစဉ်တွေမှာတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်လိုပဲ သူတို့တွေ မကျေနပ်ကြပါဘူး။ ဒါကြောင့် သူတို့နဲ့ပြန်ထိတွေ့ဆက်ဆံနိုင်ဖို့ လုံလောက်တဲ့ကောင်းမွန်မှုမျိုး ကျွန်တော်တို့မှာ ရှိထားရပါမယ်”လို့ ပြောပါတယ်။