
အက်စတွန်ဗီလာသို့ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ ရက်ရှ်ဖို့ဒ်
ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်မှ အက်စတွန်ဗီလာသို့ ရာသီကုန်အထိ ၆ လအငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာလည်း အိုးလ်ထရက်ဖို့ဒ်သို့ မပြန်တော့ဘဲ ဗီလာပါ့ခ်မှာပဲ အပြီးသတ်ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်နဲ့ သဘောထားကွဲလွဲမှုတွေရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းရဲ့လူစာရင်းမှ ကာလရှည်ချန်လှပ်ခံခဲ့ရပြီးနောက် အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ နောက်ရာသီမှာ အသင်းရဲ့အကယ်ဒမီထွက်ကြယ်ပွင့်နဲ့ ပြန်လည်ပေါင်းစည်းဖို့ ရည်ရွယ်ထားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ကစားသမားကတော့ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်သွားတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။
အင်္ဂလန်သားဟာ ၂၀၂၄-၂၅ ရာသီကုန် အက်စတွန်ဗီလာနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာလည်း ဗီလာပါ့ခ်မှာပဲ ဆက်လက်နေထိုင်သွားမှာဖြစ်ပါတယ်။ သတင်းတွေအရ ရက်ရှ်ဖို့ဒ်ဟာ ဗီလာနည်းပြ အူနိုင်းအမ်မရီလက်အောက်မှာ ဆက်လက်နေထိုင်ပြီး ယခင်ခြေစွမ်းမျိုးပြန်လည်ရရှိအောင် ကြိုးစားလိုနေတယ်လို့သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဗီလာမှာဆက်လက်နေထိုင်ဖို့ သူ့ရဲ့သူငယ်ချင်းဖြစ်သူတွေကို ပြောပြထားတယ်လို့ သိရပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ နေရာပြန်ရဖို့လည်း ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ယူအက်စ်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သောမတ်စ်တူချယ်လ်ဦးဆောင်တဲ့ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
အက်စတွန်ဗီလာသို့ စတင်ရောက်ရှိချိန်မှာပဲ ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ခြေစွမ်းပြကစားထားနိုင်တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ရာသီကုန်မှာ အူနိုင်းအမ်မရီရဲ့အသင်းသို့ အပြီးသတ်ပြောင်းရွှေ့နိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာတော့ ဗီလာဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ကာဒစ်ဖ်နဲ့ယှဉ်ပြိုင်သွားရပါမယ်။