The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲစဉ်ကို ရက်ရှ်ဖို့ဒ်လွဲချော်သွားဦးမယ်လို့ အာမိုရင်အတည်ပြု

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဖျားနာမှုကြောင့် တနင်္ဂနွေနေ့ လီဗာပူးနဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်သွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ရဲ့ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဆက်တိုက် ပါဝင်ခွင့်မရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့မှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေပြီး ယခုအခါမှာလည်း လီဗာပူးနဲ့ပွဲစဉ်ကို လွဲချော်သွားဦးမှာဖြစ်ပါတယ်။ 

ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက်ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်အနေနဲ့ ယခုပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိဖို့ကြိုးစားသွားမှာဖြစ်ပေမယ့် အရည်အသွေးမြင့်တိုက်စစ်မှူးတစ်ဦးမပါဝင်ဘဲ လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အာမိုရင်ဟာ ယခင်က အင်္ဂလန်သားကို အသင်းရဲ့ရွေးချယ်မှုဆိုင်ရာ စံချိန်စံညွှန်းတွေကြောင့် ချန်လှပ်ထားခြင်းဖြစ်ကြောင်း အကြောင်းပြခဲ့ပေမယ့် ယခုအခါမှာတော့ နေမကောင်းဖြစ်နေကြောင်း အကြောင်းပြခဲ့တာဖြစ်ပါတယ်။ 

ပေါ်တူဂီသားက "အသင်းမှာ အခြေအနေတွေက ပုံမှန်ပါပဲ။ လောလောဆယ်မှာတော့ သူနေမကောင်းဖြစ်နေပါတယ်။ လေ့ကျင့်ခန်းမဆင်းနိုင်ပါဘူး။ အနာဂတ်မှာ သူ့ကိုပြန်မြင်ရဖို့ရှိပေမယ့် သာမန်ကစားသမားတစ်ယောက်လိုပဲ ဆက်ဆံသွားမှာပါ။ ကျွန်တော်ကိုယ်တိုင်ပဲ ကစားသမားတွေကို ရွေးချယ်မှုပြုလုပ်သွားပါမယ်။ ဒီပွဲမှာတော့ သူပါမှာမဟုတ်ဘူးလို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အသက်-၂၇ နှစ်အရွယ်ကစားသမားကို အဆိုပါပွဲစဉ်မှာတော့ ပြန်လည်မြင်တွေ့ရနိုင်ချေရှိပါတယ်။