The network connection is lost.

Banner Image

လာမိုင်းယာမယ်လ်နဲ့တွဲဖက်ကစားရမယ့်အပေါ် သူ့ရဲ့ခံစားချက်ကိုဖွင့်ဟလာတဲ့ ရက်ရှ်ဖို့ဒ်

ယခုနွေရာသီအတွင်း ယူနိုက်တက်မှထွက်ခွာပြီး ဘာစီလိုနာသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်က အသင်းဖော်သစ် လာမိုင်းယာမယ်လ်နဲ့တွဲဖက်ကစားခွင့်ရဖို့ မစောင့်နိုင်တော့ကြောင်းနဲ့ စပိန်သားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်ဖြစ်နေပြီလို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

နည်းပြသစ်ရူဘင်အာမိုရင်လက်အောက်မှာ နေရာရဖို့ရုန်းကန်ခဲ့ရတဲ့ ယူနိုက်တက်အကယ်ဒမီထုတ်ကုန် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက အသင်းကနေထွက်ခွာပြီး ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ပါတယ်။ ယခုတစ်ခေါက် နွေရာသီမှာလည်း ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှ နောက်ထပ်တစ်ကြိမ်ထွက်ခွာရဖို့ဖြစ်လာခဲ့ပြီး ဘာစီလိုနာသို့ အငှားနဲ့ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ 

အသက်-၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကို လာလီဂါချန်ပီယံဘာစီလိုနာက တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့ပြီး ရာသီကုန်ပါက အပြီးသတ်ဝယ်ယူခွင့်သဘောတူညီချက်ကိုလည်း အငှားစာချုပ်ထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။ ဒါကြောင့်ရက်ရှ်ဖို့ဒ်အနေနဲ့ ၂၀၂၅-၂၆ ရာသီမှာသာမက အနာဂတ်မှာပါ ဘာစီလိုနာနဲ့လက်တွဲသွားရမှာဖြစ်လို့ အသင်းနဲ့ထိုက်တန်တဲ့ခြေစွမ်းကို ပြသသွားနိုင်ဖို့လိုအပ်နေပါတယ်။ 

ယခုအခါမှာ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကြယ်ပွင့် လာမိုင်းယာမယ်လ်နဲ့တွဲဖက်ကစားရမယ့်အပေါ် စိတ်လှုပ်ရှားမိကြောင်းကို "သူက မယုံနိုင်စရာပါရမီပါလာတဲ့ကစားသမားပါ။ ပြီးခဲ့တဲ့ရာသီက ကမ္ဘာ့အကောင်းဆုံးကစားသမားမဟုတ်ခဲ့ရင်တောင် ထိပ်ဆုံးနေရာမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်"

"လူတိုင်းက အကောင်းဆုံးကစားသမားတွေနဲ့ တွဲဖက်ကစားနိုင်ဖို့ဆန္ဒရှိပါတယ်။ ဘာစီလိုနာမှာ ပါရမီရှင်ကစားသမားတွေ အများကြီးရှိပါတယ်။ သူတို့နဲ့အတူ တွဲဖက်ကစားနိုင်ဖို့ ကျွန်တော်မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်က သူတို့ကိုအကူအညီပေးနိုင်မယ်လို့မျှော်လင့်သလို၊ သူတို့ကလည်း ကျွန်တော့်ကို ပြန်ကူညီနိုင်မှာပါ။ ကစားခွင့်ရဖို့ စိတ်အရမ်းလှုပ်ရှားနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အင်္ဂလန်သားက "ကျွန်တော်ဘယ်လောက်အထိလုပ်နိုင်လဲ ကျွန်တော်သိပါတယ်။ ကျွန်တော့်ရဲ့အကောင်းဆုံးကျွမ်းကျင်မှုတွေထဲကတစ်ခုက ကွင်းထဲကအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေနိုင်တာပါပဲ။ ကျွန်တော့်မှာ ကြောက်ရွံ့မှုမရှိပါဘူး" "တတ်နိုင်သလောက် မြန်မြန်ကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ အသင်းမှာလည်း နေရာရဖို့မျှော်လင့်ပေမယ့် ဒါက ထင်သလောက်မရိုးရှင်းပါဘူး။ အသင်းကိုပိုနားလည်ဖို့နဲ့ ပရိသတ်တွေရဲ့အားပေးထောက်ခံမှုရရှိဖို့ကြိုးစားသွားပါမယ်။ ကွင်းထဲမှာပဲမဟုတ်ဘဲ ကွင်းပြင်ပအတွေ့အကြုံတွေလည်း ရချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အသက်-၁၈ နှစ်အရွယ်၊ ၂၀၁၆ ခုနှစ်ကတည်းက ယူနိုက်တက်အတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် စုစုပေါင်း ၄၂၆ ပွဲကစားခဲ့ပြီး ၁၃၈ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း လက်ရှိနည်းပြရူဘင်အာမိုရင်ရဲ့ အနာဂတ်အစီအစဉ်တွေမှာတော့ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ကစားသမားဟာ ယူနိုက်တက်နဲ့လမ်းခွဲဖို့သာ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။