
ဘရန့်ဖို့ဒ်စတားကို ခေါ်ယူဖို့ ကနဦးကမ်းလှမ်းခဲ့တဲ့ ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်စတား အမ်ဘွီမိုကိုခေါ်ယူဖို့ ကနဦးကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အခုနွေရာသီရဲ့ပထမဆုံးခေါ်ယူမှုအဖြစ် ဝုဗ်စတား ကန်ဟာကို ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အာမိုရင်က တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ချင်နေပြီး အမ်ဘွီမိုက ယူနိုက်တက်ရဲ့ပစ်မှတ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
ယူနိုက်တက် နဲ့ ဘရန့်ဖို့ဒ်တို့ကြား ပြီးခဲ့တဲ့အပတ်က အဆိုပါအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုစတင်ခဲ့တယ်လို့ သိရပြီး ကင်မရွန်းသားက ယူနိုက်တက်ထံပြောင်းချင်နေပါတယ်။ ဘရန့်ဖို့ဒ်အတွက် ပြီးခဲ့တဲ့ရာသီတုန်းက ၃၈ ပွဲမှာ ၂၀ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီးနောက် ယူနိုက်တက်က စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက သူ့ထက်ဂိုးပိုသွင်းနိုင်တဲ့ကစားသမားတွေအဖြစ် ဟာလန်း ၊ အီဆက် နဲ့ ဆာလက်တို့သာရှိနေပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ အမ်ဘွီမိုအတွက် ကနဦးပေါင် ၄၅ သန်း + အပိုဆုကြေးပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပြီး အဆိုပါပမာဏက ဘရန့်ဖို့ဒ်တောင်းဆိုတဲ့တန်ကြေးထက်နည်းပါးနေပါတယ်။
ဘရန့်ဖို့ဒ်ဘက်က သူတို့စတားအတွက် ပေါင်သန်း ၆၀ လောက်အလိုရှိနေပြီး ၂ သင်းကြား ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဘရန့်ဖို့ဒ် နဲ့ အမ်ဘွီမိုတို့ကြား စာချုပ်သက်တမ်းက ၁၂ လသာကျန်တော့တာဖြစ်ပြီး နည်းပြ ဖရန့်ခ်ကတော့ ဘရန့်ဖို့ဒ်ဟာ ကစားသမားရောင်းချတဲ့အသင်းလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“အမ်ဘွီမိုကို စိတ်ဝင်စားနေတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ သူတို့ စိတ်လည်းစိတ်ဝင်စားသင့်ပါတယ်။ သူကလက်ရှိအကောင်းဆုံးအသက်အရွယ်မှာရှိနေတာပါ။ သူက ဂိုး ၂၀ သွင်းယူထားနိုင်ခဲ့ပါတယ်။ ကျွန်တော်သူ့ကိုဆက်ထိန်းထားစေချင်ပေမယ့် အသင်းဘက်က မှန်ကန်တဲ့ကမ်းလှမ်းမှုမျိုးရောက်လာရင် ရောင်းချချင်နေပါတယ်”လို့ ဖရန့်ခ်က ဖြေကြားခဲ့ပတယ်။
အမ်ဘွီမိုရဲ့အသင်းဖော် နော်ဂတ်က စကိုင်းစပေါ့တ်နဲ့အင်တာဗျူးမှာ “ဘရိုင်ယန်ထွက်ခွာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဝီဆာအခြေအနေကတော့ ကျွန်တော်မသိပါဘူး။ လူတိုင်းကတော့ သူဆက်နေမယ်လို့ မျှော်လင့်နေပါတယ်။ အဲ့လိုမှမဟုတ်ရင်တောင် ဒီရာသီအတွက် ကျွန်တော်ပျော်သလို သူတို့ ၂ ဦးစလုံးအတွက်လည်း ပျော်ပါတယ်။ သူတို့က အများကြီးနဲ့ထိုက်တန်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အမ်ဘွီမိုဟာ ဘရန့်ဖို့ဒ်အသင်းမှာ ၆ နှစ်ကြာဖြတ်သန်းခဲ့ပြီး အသင်းအတွက် ၂၄၂ ပွဲမှာ ၇၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ဟာ အမ်ဘွီမိုကို ထရိုယက်စ်အသင်းထံကနေ ပေါင် ၅.၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။