ဂျီရိုနာမှာ တောက်ပခဲ့တဲ့ ဘရာဇီးတောင်ပံကစားသမားဆာဗင်ဟိုကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်တဲ့ မန်စီးတီး
ဂျီရိုနာမှာ အငှားထွက်ကစားရင်း ခြေစွမ်းပြသနိုင်ခဲ့တဲ့ ထရိုယက်စ်တောင်ပံလူဆာဗင်ဟိုကို ပရီးမီးယားလိဂ်ထိပ်သီးမန်စီးတီးက အပြီးသတ်ခေါ်ယူလိုက်ပါတယ်။
စံချိန်တင်ငါးကြိမ်ဆက်ပရီးမီးယားလိဂ်ဖလားကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီးက ဆာဗင်ဟိုကို ၂၀၂၉ ခုနှစ်၊ နွေရာသီအထိ ငါးနှစ်သက်တမ်းရှိစာချုပ်ဖြင့် ခေါ်ယူခဲ့တာပါ။ အခုအပြောင်းအရွှေ့အတွက် မန်စီးတီးက လက်ငင်းပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းအပြင် အပိုထပ်ဆောင်းဆုကြေး ပေါင် ၁၃ သန်း (စုစုပေါင်း ပေါင် ၃၅ သန်း)ကို ပေးချေသွားရပါလိမ့်မယ်။
ဆာဗင်ဟိုက ပြီးခဲ့တဲ့ရာသီ၊ ဂျီရိုနာမှာ အငှားဖြင့်လာရောက်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ထရိုယက်စ်အတွက်တော့ မကစားပေးခဲ့ရပါဘူး။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆာဗင်ဟိုက ဗီရိုနာအတွက် ကိုးဂိုးသွင်း၊ ဂိုးဖန်တီးမှုကိုးကြိမ်ပြုလုပ်ကာ အသင်းကို လာလီဂါအမှတ်ပေးဇယားတတိယနေရာဆီ ပို့ဆောင်ပေးပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဆာဗင်ဟိုက “ပရီးမီးယားလိဂ်ချန်ပီယံ၊ ကလပ်ကမ္ဘာ့ဖလားချန်ပီယံ မန်စီးတီးဆီ ပြောင်းရွှေ့လာရလို့ ပျော်ရွှင်ကျေနပ်မိပါတယ်။ သူတို့တွေက လက်ရှိကမ္ဘာ့အကောင်းဆုံးကလပ်အသင်းဖြစ်တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါကြောင့် အခု ဒီကလပ်အသင်းမှာရှိနေရတာ ကျွန်တော့်အတွက် အရမ်းကိုစိတ်လှုပ်ရှားစေပါတယ်။
ပက်ဂွါဒီယိုလာလက်အောက် အလုပ်လုပ်ရမယ့်အခွင့်အလမ်းတစ်ခုအတွက် ကျွန်တော် စိတ်လှုပ်ရှားမိခဲ့ပါတယ်။ သမိုင်းတလျှောက် အကြီးကျယ်ဆုံးနည်းပြတွေအနက် တစ်ဦးဖြစ်ပါတယ်။ ကျွန်တော်နဲ့ သိတဲ့သူတွေလည်း ကျွန်တော်ပိုပြီးတိုးတက်လာအောင် ကူညီပေးပါလိမ့်မယ်။
စပိန်မြေမှာ ကျွန်တော့်အတွက် အံ့ဖွယ်အခိုက်အတန့်တစ်ခု ရှိခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအချို့နဲ့လက်တွဲပြီး ပရီးမီးယားလိဂ်မှာကစားကာ စိန်ခေါ်မှုအသစ်တွေကို မျှော်လင့်နေပါတယ်။
ပရိသတ်တွေ၊ အသင်းဖော်အသစ်တွေနဲ့တွေ့ဆုံခွင့်ရရှိဖို့လည်း မစောင့်ဆိုင်းနိုင်တော့ပါဘူး။ မန်စီးတီးဆီ အောင်မြင်မှုတွေပိုမိုယူဆောင်လာနိုင်ရေးခရီးလမ်းမှာ တစိတ်တပိုင်းအဖြစ် ပါဝင်နိုင်ရေး မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
ဘရာဇီးသားက မကြာခင်မှာပဲ ရာသီကြိုအတွက် ပြင်ဆင်နေတဲ့ ပက်ဂွါဒီယိုလာရဲ့အသင်းဆီ ပူးပေါင်းလာပါလိမ့်မယ်။