ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ချိတ်ဆက်နေတဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ်အတွက် ဈေးသတ်မှတ်လိုက်တဲ့ မန်စီးတီး
အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ မန်စီးတီးတွင် နှစ်ရာသီကြာ ကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် ၁၉ ဂိုး သွင်းယူကာ သမိုင်းဝင် ၄ ကြိမ်ဆက် ပရီးမီးယားလိဂ်ဖလားကို ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ ပြိုင်ပွဲအရပ်ရပ်တွင် ၅၄ ပွဲ ကစားထားပြီး ရာသီတစ်လျှောက် ပွဲကစားချိန်များများရရှိထားတဲ့ ၈ ဦးမြောက် ကစားသမားလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း The Athletic ရဲ့ဖော်ပြချက်အရ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ မန်စီးတီးအသင်းမှာ ပွဲကစားချိန်ပိုလိုချင်နေပြီး နွေရာသီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
မန်စီးတီးဟာ အယ်လ်ဗာရက်ဇ်ရဲ့ အပြောင်းအရွှေ့ကို ပိတ်ပင်မှာမဟုတ်သော်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နှင့် အပိုဆုကြေးများအတွက် ပေါင် ၁၇ သန်း ထပ်မံတောင်းဆိုထားကြောင်း သတင်းများက ဖော်ပြထားပါတယ်။ အယ်လ်ဗာရက်ဇ်နှင့် သူ့ရဲ့မိသားစုကလည်း မန်ချက်စတာထက် ပိုပြီးနွေးတဲ့ရာသီဥတုတွင် နေထိုင်လိုတယ်လို့လည်း အခိုင်အမာဆိုထားပါတယ်။
အက်သလက်တီကိုမက်ဒရစ်ဟာ ယခုနွေရာသီတွင် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း မန်စီးတီးရဲ့ တောင်းဆိုမှုစျေးနှုန်းကို ပေးချေဖို့ ဆန္ဒမရှိနေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ စဉ်းစားနေတယ်ထွက်ပေါ်ခဲ့တဲ့ ပြီးခဲ့တဲ့လက အာဂျင်တီးနားရှိ သတင်းတွေအရ အယ်လ်ဗာရက်ဇ်က ပရီးမီးယားလိဂ်မှာ ဆက်နေဖို့ ရွေးချယ်ခွင့်ရှိနိုင်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်တွင် မန်စီးတီးရဲ့နောက် ဒုတိယနေရာမှ ပြီးဆုံးပြီးနောက် အာဆင်နယ်အသင်းတွင် စွယ်စုံရ တိုက်စစ်ကစားသမားတစ်ဦးကို အာတီတာက ခေါ်ယူလိုနေတာကြောင့် အယ်လ်ဗာရက်ဇ်နှင့် ချိတ်ဆက်နေခြင်းဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ ယခုနှစ်နွေရာသီတွင် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းအတွက် ၅ ပွဲပါဝင်ကစားပေးခဲ့ပြီး ယခုချိန်မှာတော့ ပါရီမြို့ရှိ အိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ကစားပေးနေပါတယ်။ အပိုနားခွင့်ရရှိမှာဖြစ်တဲ့ အယ်လ်ဗာရက်ဇ်ဟာ သြဂုတ်လ ၁၀ ရက်နေ့ ကွန်မြူနတီဒိုင်းအဖြစ် ယူနိုက်တက်နဲ့ပွဲ ဩဂုတ် ၁၈ ရက်နေ့ ချဲလ်ဆီးနဲ့ကစားမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တို့ကို လွဲချော်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက မန်စီးတီးရှိ သူ့ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အယ်လ်ဗာရက်ဇ်က "ကျွန်တော့်ရဲ့အနာဂတ်အကြောင်း အများကြီးပြောနေကြပေမယ့် ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ရှိနေပါတယ်" "ကျွန်တော် မန်စီးတီးမှာ အဆင်ပြေပြီး ပျော်ရွှင်နေပါတယ်။ ဘာဖြစ်သွားလဲဆိုတာကိုတော့ ကြည့်ရမှာပါ" လို့ ESPN သို့ ပြောပါတယ်။