
ပရီးမီးယားလိဂ်ရဲ့စပွန်ဆာစည်းမျည်းတွေကို တရားရင်ဆိုင်ဖို့ ပြင်ဆင်လာတဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ကို တရားရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စီးတီးကတော့ စပွန်ဆာစည်းမျည်းတွေနဲ့ပတ်သက်ပြီး တရားလိုပြုလုပ်ကာ တရားရင်ဆိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
တိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ စီးတီးဟာ ပရီးမီးယားလိဂ်ကို ဆန့်ကျင်ရင်ဆိုင်ဖို့ အသေးစိတ်အချက်အလက်တွေပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ စီးတီးရဲ့တရားစွဲမှုဟာ party transaction Rules (APT) နဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ APTs ဟာ ကလပ်အသင်းကြား စပွန်ဆာ ဒါမှမဟုတ် အမြတ်ငွေအားလုံးကို ကိုင်တွယ်ရတာဖြစ်ပါတယ်။
ဖေဖော်ဝါရီတုန်းက ကလပ်အသင်းတွေဟာ စပွန်ဆာတွေနဲ့ပတ်သက်ပြီး ခက်ခဲတဲ့စည်းမျည်းတွေကို သဘောတူခဲ့တာဖြစ်ပါတယ်။ အဆိုပါသဘောတူညီချက်ဟာ စီးတီးအတွက် စိန်ခေါ်မှုဖြစ်လာခဲ့ပြီး ဘဏ္ဍာရေးထိခိုက်မှုတွေရှိလာနိုင်တာဖြစ်ပါတယ်။
တိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ စီးတီးရှေ့နေတွေဟာ နစ်နာသူအဖြစ် အဆိုပါစည်းမျည်းတွေကို တရားရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ စီးတီးအသင်းကို အဘူဒါဘီအတွင်းဝန် ရှိတ်မန်စော်က ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်မှု ၁၁၅ မှုနဲ့ပတ်သက်ပြီး ၂ ပတ်ကြာကြားနာမှာဖြစ်ကာ စီးတီးကတော့ ဘာအမှားမှမလုပ်ထားဘူးလို့ ပယ်ချထားပါတယ်။
စီးတီးအနေနဲ့ ဒီစည်းမျည်းတွေဟာ တရားမဝင်ဘူးလို့ အောင်မြင်ခဲ့ရင် လက်ရှိဘဏ္ဍာရေးစည်းမျည်းချိုးဖောက်မှုစွဲချက်တွေက အားနည်းသွားနိုင်တာဖြစ်ပါတယ်။ စီးတီးအမှုအတွက် အခြားပရီးမီးယားလိဂ် ၁၉ သင်းကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ဘက်ကတော့ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ထားသလို စီးတီးဘက်ကလည်း တစ်စုံတစ်ရာမတုံ့ပြန်သေးတာဖြစ်ပါတယ်။