
အန်တိုနီအတွက် ဘက်တစ်ရဲ့ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အန်တိုနီအတွက် ဘက်တစ်အသင်းရဲ့အငှားသက်တမ်းတိုးကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ မယ်ရာသတင်းဌာနရဲ့အဆိုအရ အန်တိုနီဟာ နွေရာသီမှာ အသင်းကနေထွက်ခွာဖို့ အလားအလာများနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဘက်က ဘရာဇီးသားအတွက် ပေါင်သန်း ၃၀ လောက်အလိုရှိနေပြီး ဘက်တစ်အသင်းရဲ့အငှားနဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။
ဘက်တစ်အနေနဲ့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရမှသာ အန်တိုနီကိုခေါ်ယူနိုင်ဖို့ ငွေကြေးတတ်နိုင်မှာဖြစ်ပါတယ်။ ပယ်လီဂရီနီရဲ့အသင်းဟာ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ နေရာက ဗီလာရီးရဲလ်နဲ့ ၃ မှတ်သာကွာဟနေပါတယ်။ အန်တိုနီဟာ ဘက်တစ်ကိုပြောင်းရွှေ့ပြီးနောက် စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၈ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားပါတယ်။
ဘက်တစ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် အန်တိုနီတစ်ယောက် အပြီးသတ်ပြောင်းရွှေ့ရဖို့ရှိနေပြီး တကယ်လို့ မဝင်ခဲ့ရင်တော့ အခြေအနေက ပြောင်းလဲနိုင်တာဖြစ်ပါတယ်။ အန်တိုနီဘက်ကတော့ လာမယ့်နွေမှာ ယူနိုက်တက်ထံပြန်ရဖို့ထက် အသင်းမှာဆက်နေချင်တယ်လို့ သိရပါတယ်။