
ချဲလ်ဆီးပစ်မှတ်ကို တန်ကြေးလျော့ချပြီး ရောင်းချဖို့ပြင်ဆင်နေတဲ့ ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်ဟာ တောင်ပံကစားသမား ဂါနာချိုကို တန်ကြေးလျော့ချပြီး ရောင်းချဖို့ ပြင်ဆင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း ချဲလ်ဆီးထံပြောင်းချင်နေတယ်လို့ သိရပါတယ်။ GiveMeSport သတင်းဌာနရဲ့အဆိုအရ ဂါနာချိုဟာ အခုနွေရာသီမှာ ပြည်ပထက် ပြည်တွင်းပြိုင်ဘက်ထံ ပိုမိုပြောင်းချင်နေတယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ အသက် ၂၀ အရွယ်ကစားသမားကို အလျင်အမြန်ရှင်းထုတ်ချင်နေပြီး ပေါင်သန်း ၇၀ ကို ပေါင်သန်း ၄၀ လောက်နဲ့ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ အာဂျင်တိုင်းသားကို ချဲလ်ဆီး နဲ့ ဗီလာတို့က ချိတ်ဆက်နေပြီး ပြည်ပကလပ်တွေထဲမှာတော့ နာပိုလီ နဲ့ တန်ဟက်ရဲ့လေဗာကူဆင်တို့က စိတ်ဝင်စားနေပါတယ်။ တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့တဲ့ယူရိုပါလိဂ်ပွဲပြီးကတည်းက အာမိုရင် နဲ့ ဂါနာချိုတို့ကြား ဆက်ဆံရေးအဆင်မပြေတော့တာဖြစ်ပါတယ်။
ဂါနာချိုဟာ ယူနိုက်တက်ထံ အသက် ၁၆ နှစ်တုန်းက တီကိုအသင်းထံကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တန်ဟက်လက်အောက်မှာ အသက် ၁၈ နှစ်နဲ့ ပွဲဦးထွက်ပါဝင်ခွင့်ရရှိလာခဲ့တာဖြစ်ပါတယ်။ တန်ဟက်ထွက်ခွာပြီးနောက် အာမိုရင်လက်အောက်မှာ အဆင်ပြေခဲ့သေးပေမယ့် နောက်ပိုင်းမှာ အာမိုရင်က ဒီယာလို နဲ့ မေဆင်မောင့်တို့ကိုသာ နေရာပိုပေးလာခဲ့တာဖြစ်ပါတယ်။ ကစားသမားဘက်ကကော အသင်းဘက်ကပါ အနာဂတ်နဲ့ပတ်သက်ပြီး အလျင်အမြန်ဖြေရှင်းချင်နေပြီး ပရီးမီးယားလိဂ်မှာဆက်နေကာ သူ့အရည်အချင်းကို သက်သေပြချင်နေပါတယ်။