ယူနိုက်တက်ရဲ့အနာဂတ်ထဲမှာ ပါဝင်နေဆဲဖြစ်တယ်လို့ မက်ဂွါရီ အခိုင်အမာပြောကြား
ယူနိုက်တက်နောက်ခံလူ မက်ဂွါရီက မိမိဟာ အသင်းရဲ့အနာဂတ်အစီအစဉ်ထဲမှာ ပါဝင်နေဆဲဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
မက်ဂွါရီဟာ ၂၀၂၃ - ၂၄ ရာဦတုန်းက ဒဏ်ရာပြဿနာတွေနဲ့နပန်းလုံးနေခဲ့ရတာဖြစ်ပြီး ၂၂ ပွဲသာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီး ရာသီသစ်မတိုင်ခင် အကောင်းဆုံးစတင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ယူနိုက်တက်မှာ ဆက်ရှိဖို့မသေချာဘူးလို့ သတင်းတွေ ထွက်နေချိန်မှာပဲ မက်ဂွါရီက အနာဂတ်နဲ့ပတ်သက်ပြီး အခုလိုမျိုးပြောကြားခဲ့ပါတယ်။
“အသင်းဘက်က အရောင်းစာရင်းမတင်သမျှ ဒါမှမဟုတ် ဒီမှာကျွန်တော် ဆက်မရှိချင်မှသာ အသင်းကနေ ထွက်ခွာမှာပါ။ ကျွန်တော် ကြားသမျှအရာအားလုံးက သတင်းအမှားတွေပါ။ ကျွန်တော် ဒီအသင်းရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေဆဲပါ။ အခုချိန်က အသင်းနဲ့အတူ အောင်မြင်မှုရယူနိုင်ရမယ့် အချိန်ဖြစ်သလို နောက်တစ်ကြိမ်အသင်းအောင်မြင်အောင် လုပ်ရမယ့်အချိန်ပါ”လို့ မက်ဂွါရီက ပြောကြားခဲ့ပါတယ်။
မက်ဂွါရီဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးတုန်းက ကြွက်သားဒဏ်ရာကြောင့် အနားယူခဲ့ရသလို အက်ဖ်အေဖလားဖိုင်နယ်အပြင် ယူရို ၂၀၂၄ နဲ့ပါ လွဲချော်ခဲ့ပါတယ်။ “အဆိုပါအခိုက်အတန့်တွေက ကျွန်တော့်ကစားသမားဘ၀ တကယ့်ခက်ခဲတဲ့အခိုက်အတန့်တွေပါ။ ကျွန်တော်နေရာပြန်ရဖို့ အလုပ်အများကြီးကြိုးစားခဲ့ရပါတယ်။ ပွဲကြီးတွေကစားချင်တာကြောင့် အခုလိုမျိုးအလုပ်ကြိုးစားခဲ့တာပါ။ ယူရိုမှာလည်း ပါဝင်ကစားပေးချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။ အခုတော့ ကျွန်တော် ထိပ်တန်းအဆင့်အနေအထားမျိုးဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ဒဏ်ရာပြဿနာတွေက ကျွန်တော့်အတွက် တကယ်ကိုမှခက်ခဲခဲ့ပါတယ်”လို့ အင်္ဂလန်သားက ပြောကြားခဲ့ပါတယ်။
မက်ဂွါရီဟာ ယူနိုက်တက်အသင်းနဲ့အတူ ရာသီကြိုခရီးစဉ်မှာ ပါဝင်နေပြီး လာမယ့်စနေနေ့မှာကန်မယ့် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။