ကျွန်တော်တို့ကို ၂၀၀၈ ခုနှစ်တုန်းက စပိန်အသင်းနဲ့ လာမယှဉ်နဲ့လို့ သတိပေးလာတဲ့ လူးဝစ်ဖူရန်တီ
လက်ရှိစပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖူရန်တီက သူ့ရဲ့အသင်းကို ၂၀၀၈ ခုနှစ်တုန်းက စပိန်အသင်းနဲ့ နှိုင်းယှဉ်မှုတွေမပြုလုပ်ဖို့သတိပေးခဲ့ပြီး အသင်းဟာ ယခုယူရို ၂၀၂၄ ပြိုင်ပွဲမှာ ကြီးကြီးမားမားတိုးတက်နေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို တက်ရောက်ထားခဲ့တဲ့ ခရိုအေးရှားနဲ့ လက်ရှိချန်ပီယံအီတလီတို့ကို အနိုင်ယူထားတဲ့ စပိန်ဟာ ဒီနှစ်ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေးပန်းအစားဆုံး အသင်းတွေထဲကတစ်သင်းဖြစ်ပြီး ယခုအခါမှာ ရှုံးထွက် ၁၆ သင်းအဆင့်ကို စောစောစီးစီးတက်ရောက်ထားနိုင်ပြီဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ စပိန်ဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အယ်လ်ဘေးနီးယားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရာနှုန်းပြည့်အနိုင်နဲ့နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။
ဇာဗီဟာနန်ဒက်ဇ်၊ ဒေးဗစ်ဆေးလ်ဗား၊ အင်နီယေစတာ၊ ဖာနန်ဒိုတောရက်စ်နဲ့ ဆာဂျီယိုရာမို့စ်တို့ပါဝင်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ယူရိုပြိုင်ပွဲဝင် စပိန်အသင်းဟာ ဗိုလ်လုပွဲမှာ ဂျာမနီကို အနိုင်ယူပြီး ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့အပြင် အဆိုပါရွှေရောင်မျိုးဆက်နဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုဖလားတို့ကိုလည်း ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိစပိန်နည်းပြ ဖူရန်တီက “ကျွန်တော်တို့မှာ အဲဒီတုန်းက စပိန်အသင်းကို အမှီလိုက်နိုင်ဖို့ လမ်းကြောင်းအရှည်ကြီးကျန်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ယူရိုဖလားကိုဆွတ်ခူးနိုင်ခဲ့တာကိုး။ ကျွန်တော်တို့ဟာ နယ်ပယ်တိုင်းမှာ တိုးတက်နေဖို့လိုပါတယ်။ ဒါက အနုတ်သဘောဆောင်တယ်လို့ထင်ရပေမယ့် ကျွန်တော်တို့ ဆက်လက်တိုးတက်နေရပါမယ်။ ဒါက ကျွန်တော်တို့ရဲ့ နေ့စဉ်ပန်းတိုင်ပါပဲ။ သတင်းကောင်းကတော့ ကျွန်တော်တို့ရဲ့တိုးတက်မှုက အဆုံးမရှိနိုင်ပေမယ့် အကန့်အသတ်နဲ့လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့အတွက် အပြုသဘောဆောင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖူရန်တီက “ကျွန်တော်တို့ပွဲစဉ်တိုင်းကို အနိုင်ရချင်တာကြောင့် အယ်လ်ဘေးနီးယားနဲ့ပွဲမှာလည်း အနိုင်ရဖို့ အာရုံစိုက်ထားပါတယ်။ အသင်းရဲ့ကစားသမား ၂၆ ယောက်စလုံးကိုလည်း ယုံကြည်မှုရှိပါတယ်။ ကစားသမားတိုင်းက ဒီလိုထိပ်တန်းအဆင့်မှာ ကစားဖို့အဆင်သင့်ရှိနေပါတယ်။ ဒါကြောင့် ကစားသမားရွေးချယ်မှုနဲ့ပတ်သက်ရင်တော့ ကျွန်တော်က တည်တည်ငြိမ်ငြိမ်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
အသင်းကြီးတွေဖြစ်တဲ့ ဂျာမနီ၊ ပေါ်တူဂီတို့က ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်ပြီးဖြစ်သလို ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်တို့ကလည်း အခြေအနေကောင်းနေတာကြောင့် စပိန်အသင်းအနေနဲ့ နောက်တစ်ဆင့်အတွက် အရှိန်အဟုန်ပြင်းပြင်းနဲ့ပြင်ဆင်နေကြောင်း ဖူရန်တီက ပြောကြားခဲ့ပါတယ်။
ဖူရန်တီက “ဒီပြိုင်ပွဲမှာ အချို့အသင်းတွေရဲ့ စစ်မှန်တဲ့အရည်အသွေးကို မတွေ့ရသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ အချို့က ပြိုင်ဆိုင်ရခက်ခဲနိုင်တဲ့အသင်းတွေဖြစ်ပေမယ့် အချို့ကတော့ သူတို့ရဲ့ခြေစွမ်းကို အပြည့်အဝထုတ်ဖော်ခြင်းမရှိသေးပါဘူး။ လာမယ့် ၁၆ သင်းအဆင့်မှာတော့ အသင်းတိုင်းရဲ့ပုံစံအမှန်ကို မြင်တွေ့ရတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။
အသင်းရဲ့ ၁၆ နှစ်သား ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်ယာမယ်လ်နဲ့ ပတ်သက်ပြီးတော့လည်း ဖူရန်တီက “သူကကျွန်တော်တို့ကို နေ့တိုင်းအံ့အားသင့်စေတဲ့ကစားသမားပါ။ သူ့ရဲ့တိုးတက်မှုက ပုံမှန်မဟုတ်ပါဘူး။ သူက ထူးရှယ်ကစားသမားတစ်ယောက်ဖြစ်ပြီး နှိမ့်ချတတ်တဲ့ ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ စိတ်ဓာတ်ကောင်းပြီး စီနီယာတွေဆီကနေ အမြဲတမ်း သင်ယူနေပါတယ်။ သူ့ကိုယ်သူ ယုံကြည်မှုရှိလာဖို့ ကျွန်တော်တို့အားလုံး ပံ့ပိုးပေးသွားမှာပါ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။