The network connection is lost.

Banner Image

ဖာနန်ဒက်စ်ကို ယူနိုက်တက်မှာ ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ဖွင့်ဟလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို အခြားအသင်းသို့ရောင်းချလိုခြင်းမရှိဘဲ အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ဟာ ၂၀၂၇ ခုနှစ်ရောက်မှသာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်က လာမယ့်နွေရာသီမှာပဲ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ လာမယ့်ဇွန်လမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်သွားမှာဖြစ်ပြီး အယ်လ်ဟီလယ်အနေနဲ့ အဆိုပါပြိုင်ပွဲမကျင်းပမီမှာပဲ ပေါ်တူဂီသားကို အသင်းသို့ အချိန်မီခေါ်ယူလိုနေပါတယ်။ 

အာမိုရင်အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကိုအင်အားဖြည့်တင်းနိုင်ဖို့ ကစားသမားအချို့ကို ပြန်လည်ရောင်းချဖို့ပြင်ဆင်ထားပေမယ့် ဖာနန်ဒက်စ်ကိုတော့ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ အကောင်းဆုံးကစားသမားတွေကို အသင်းမှာဆက်လက်ထိန်းသိမ်းထားလိုပါတယ်။ ဘရူနိုက ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားပါ။ ကျွန်တော်တို့သူ့ကို ဒီမှာအလိုရှိပါတယ်။ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေကို မကြည့်ဘဲနဲ့တောင် သူ့ရဲ့အရေးပါမှုကို မြင်တွေ့နိုင်ပါတယ်။ သူ့လိုကစားသမားမျိုးကို ကလပ်တွေကလိုချင်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဘရူနိုက ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ ကစားသမားပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဒီရာသီမှာ ဘရူနိုဟာ ယူနိုက်တက်အတွက် ၁၉ ဂိုးအထိသွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။  ဆက်လက်ပြီး အာမိုရင်က ဘောလုံးပွဲတစ်ပွဲက ဘာမဆိုဖြစ်သွားနိုင်ကြောင်းနဲ့ ဘီလ်ဘာအိုကို ပထမအကျော့မှာ ၀-၃ နဲ့နိုင်ထားပေမယ့် စိတ်ချလို့မရသေးကြောင်း ပြောကြားလာခဲ့ပါတယ်။ အာမိုရင်က "ကျွန်တော်တို့အသင်းရဲ့ပုံစံက ဘာတွေဖြစ်လာမယ်ဆိုတာ ပြောလိုမရတဲ့အခြေအနေပါ။ အချို့အသင်းတွေက ဒီလိုဂိုးပြတ်နိုင်ထားတဲ့ အခြေအနေကို ထိန်းသိမ်းပြီး ပွဲကို အသားအယာပဲကစားသွားကြပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းဟာ နောက်တစ်ဆင့်ကိုတက်ဖို့ ဒီပွဲမှာ ဂိုးသွင်းရမယ်လို့ထင်ပါတယ်။ ဗိုလ်လုပွဲမှာယှဉ်ပြိုင်ဖို့ အခုကတည်းက တိုက်ပွဲဝင်နေရပါမယ်"

"တစ်ခါတလေမှာ ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေက တူညီပေမယ့် တစ်ခါတလေမှာတော့ စိတ်လွတ်သွားတာတွေရှိတတ်ပါတယ်။ ဒီရာသီ ကျွန်တော်တို့အသင်းကိုကြည့်မယ်ဆိုရင် မဖြစ်နိုင်တာမရှိဘူးဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ ဂိုးတစ်ဂိုးက အရာအားလုံးကို ပြောင်းလဲနိုင်တယ်ဆိုတာ နားလည်ထားရပါမယ်။ ပထမအကျော့မှာ ကျွန်တော်တို့ ဂိုးတစ်ဂိုးရပြီးနောက်ပိုင်း ပြိုင်ဘက်က တစ်ယောက်အထုတ်ခံလိုက်ရသလို၊ ပင်နယ်တီလည်း ထပ်ပေးခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူတို့ပြန်လာနိုင်သေးတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ ကျွန်တော်တို့နိုင်ဖို့အတွက်ပဲ စိတ်ထဲထည့်ထားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲသို့ရောက်ရှိဖို့နီးစပ်နေပေမယ့် ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်ရ့အခြေအနေက အတော်လေးဆိုးရွားနေပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေရပါတယ်။ ဒါ့အပြင် ရူဘင်အာမိုရင်ရဲ့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၆ ပွဲအထိရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်။ 

ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "ပရီးမီးယားလိဂ်မှာဆိုရင် ရလဒ်တွေအရ ကျွန်တော်တို့အသင်းက အတော်လေးအခြေအနေဆိုးပါတယ်။ ရာသီကုန်မှာတော့ ကျွန်တော်တို့အသင်းက ဥရောပဖလားရတဲ့ ပရီးမီးယားလိဂ်ရဲ့အညံ့ဆုံးအသင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောင်းလဲမှုပြုလုပ်သွားမှာမဟုတ်ပါဘူး။ ဒီရာသီက စိတ်ပျက်စရာကောင်းတယ်ဆိုတာ သိပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးသော ရာသီတစ်ခုပါ" လို့ပြောကြားခဲ့ပါတယ်။