
ဒုတိယအကျော့ပွဲစဉ်အတွက် ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံရမှုကို စိုးရိမ်နေတဲ့ လူးဝစ်အင်းနရစ်
အခုညပိုင်း၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်နေချိန် နှစ်ဂိုးအသာစီးရရှိထားတဲ့ ပီအက်စ်ဂျီအနေဖြင့် မိမိကိုယ်ကိုယ်ကျေနပ်အားရမှု စိုးစဉ်းမျှမရှိနိုင်ဘူးလို့ နည်းပြအင်းနရစ်က ဝန်ခံပြောဆိုလိုက်ပါတယ်။
ဒူအီ၊ ခဗာရက်စ်ခီလီယာနဲ့ နူနိုမန်ဒက်စ်တို့က ပထမအကျော့ ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ Comeback ပွဲစဉ်အတွင်း အရေးပါတဲ့သွင်းဂိုးတွေကိုရယူပြီး အက်စတွန်ဗီလာရဲ့ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရေးမျှော်လင့်ချက်ကို မှေးမှိန်စေခဲ့ပါတယ်။ တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပီအက်စ်ဂျီရဲ့အခုလိုဦးဆောင်နိုင်မှုက ဆီမီးဖိုင်နယ်ခရီးလမ်းမှာ ရေပန်းစားမှုရှိစေသလားဆိုတဲ့မေးခွန်းကို လူးဝစ်အင်းနရစ်က “ ချန်ပီယံလိဂ်ခရီးလမ်းဆိုတာ ဖယ်ထုတ်ခံလိုက်ရတဲ့ ရေပန်းအစားဆုံးအသင်းတွေနဲ့ တည်ဆောက်ထားပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်တို့က ပထမအကျော့မှာ ပိုကောင်းခဲ့သလို အနိုင်ရလဒ်နဲ့လည်း ထိုက်တန်ပါတယ်။
ဒါပေမယ့် ဒီဇာတ်လမ်းက ကျန်ခဲ့ပါပြီ။ အခုတော့ ဒုတိယမြောက်ဇာတ်လမ်းတစ်ခု စတင်နေပါပြီ။ ဘယ်သူ ပိုကောင်းမလဲ၊ ဘယ်သူ အနိုင်ရမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ကျွန်တော်တို့မှာ ရလဒ်ပိုင်းအားသာချက် ရှိပါတယ်။ ဒါပေမယ့် ဒီအချက်က ကျွန်တော်တို့ရဲ့ သေချာရေရာမှုအသားပေးအတွေးအခေါ်နဲ့ မကိုက်ညီပါဘူး။ ကျွန်တော်တို့မှာ အပိုင်တွက်ချက်လို့မရတဲ့ အခုလိုစိတ်ကူးအိုင်ဒီယာမျိုးရှိပါတယ်။ အက်စတွန်ဗီလာသာ ဂိုးသွင်းနိုင်မယ် (သို့မဟုတ်) အနိုင်ရရှိမယ်ဆိုရင် ကျွန်တော်တို့ကလည်း အခုပွဲစဉ်မှာ ဆီမီးဖိုင်နယ်အဆင့်တက်လှမ်းသွားနိုင်ရေး လိုအပ်မယ့်အဆင့်အတန်းမျိုး ကျွန်တော်တို့မှာရှိနေတယ်ဆိုတာ ပြသသွားရပါမယ်”လို့ ပြောပါတယ်။
လီဂူးဝမ်းချန်ပီယံဆုကို လေးကြိမ်ဆက်ဆွတ်ခူးထားနိုင်သလို ပြင်သစ်ဖလားဖိုင်နယ်ဆီလည်း တက်ရောက်ထားနိုင်တဲ့ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖလားကိုပါ ကိုင်မြှောက်ကာ ဖလားသုံးလုံးအောင်ပွဲရယူဖို့ ရည်မှန်းထားပါတယ်။ အခုဘောလုံးရာသီမှာ အခုလိုအောင်မြင်မှုတွေ သိမ်းပိုက်ထားနိုင်ပေမယ့် ပြင်ပဝေဖန်သံတွေကို တားဆီးနိုင်ခဲ့တဲ့ အသင်းရဲ့စွမ်းရည်အပေါ် ကျေနပ်အားရမိတယ်လို့ လူးဝစ်အင်းနရစ်က ဆိုပါတယ်။
စပိန်သားနည်းပြက “ အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ အဖြစ်အပျက်တွေ ပြောင်းလဲသွားခဲ့ပါတယ်။ ရာသီအစမှာ မြင်တွေ့ခဲ့ရတဲ့ အဆိုးမြင်မှုမှတဆင့် အခုလက်ရှိမြင်တွေ့နေရတဲ့ အလွန်စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်မှုတွေဆီ ကျွန်တော်တို့ရောက်ရှိသွားခဲ့ပါပြီ။ ဒီအတွက် အဓိကကျတဲ့အချက်က လူငယ်ကစားသမားတွေ ရှိနေပေမယ့် ကျွန်တော်တို့အသင်းပိုင်ဆိုင်ထားတဲ့ ရင့်ကျက်မှုပဲ ဖြစ်ပါတယ်။
ပွဲစဉ်ကို အာရုံစိုက်နိုင်ဖို့အတွက် ဖြစ်ပျက်နေသမျှအရာအားလုံးကို မေ့ဖျောက်ထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်အလုပ်ကိုမှ အပြီးမသတ်နိုင်သေးလို့ပါ။ ပိုမိုခက်ခဲလာဖို့ရှိပြီး ခံနိုင်ရည်ရှိဖို့လည်း မျှော်လင့်ထားပါတယ်။ ခံနိုင်ရည်ရှိလာပြီဆိုရင် အောင်မြင်ခြင်းဆိုတဲ့ပန်းတိုင်ဆီ ရောက်ရှိဖို့အတွက် အဆင်သင့်ဖြစ်သွားပါပြီ”လို့ ပြောပါတယ်။ ဆက်လက်ပြီး လူးဝစ်အင်းနရစ်က ဗီလာပတ်ခ်မှာ တုန်လှုပ်စရာအငွေ့အသက်မျိုးဖန်တီးလာမယ့် အိမ်ရှင်ပရိသတ်တွေကို မျှော်လင့်ထားပြီး ဒီစိန်ခေါ်မှုကိုလက်ခံသွားဖို့ သူ့ရဲ့အသင်းဆီ တိုက်တွန်းခဲ့ပါတယ်။
သူက “ အက်စတွန်ဗီလာဖန်တီးပေးလာမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားချင်ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က အနိုင်ရလဒ်ပါပဲ။ ကျွန်တော်တို့ကတော့ ဗီလာပတ်ခ်လို အားကစားကွင်းမှာ အမြဲတမ်းယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ အဝေးကွင်းပွဲစဉ်တွေကိုလည်း ကျွန်တော်တို့ ကြိုက်ပါတယ်။ ဒါက ပြဿနာတစ်ခုမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတစ်ခု ဖြစ်ပါတယ်”လို့ ဆိုပါတယ်။