
ပရက်စ်တန်နဲ့ရာသီကြိုပွဲစဉ်မှာ ဂျိုတာတို့ညီအကိုကို ဂုဏ်ပြုမယ်လို့ လီဗာပူးစီအီးအို အတည်ပြု
လီဗာပူးစီအီးအို ဟိုဂန်က လာမယ့်ပရက်စ်တန်နဲ့ရာသီကြိုပွဲစဉ်မှာ ဂျိုတာတို့ညီအကိုကို ဂုဏ်ပြုမယ်လို့ အတည်ပြု လိုက်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ ရာသီကြိုပထမဆုံးပွဲစဉ်အဖြစ် ပရက်စ်တန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဂျိုတာတို့ညီအကိုဟာ ကားအက်ဆီးဒင့်ကြောင့် ကွယ်လွန်ခဲ့ကြတာဖြစ်ပြီး အခုပထမဆုံးအကြိမ်ဂုဏ်ပြုခံရမှာဖြစ်ပါတယ်။
ဇူလိုင်လ ၃ ရက်နေ့တုန်းက စပိန်နိုင်ငံမြောက်ပိုင်းကိုခရီးသွားရင်း ယူကေကိုပြန်လာချိန်မှာ ကားတိမ်းမှောက်ပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါသတင်းကြောင့် လီဗာပူးအသင်းဟာ ရာသီကြိုခရီးစဉ်အတွက် နောက်ဆုတ်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်လွှားက ပရိသတ်တွေက ဝမ်းနည်းကြောင်းပေးပို့ကြသလို ပရိသတ်တော်တော်များများကလည်း ပန်းတွေ ၊ အကျီတွေ နဲ့အတူ အန်ဖီးလ်ကွင်းအပြင်ဘက်မှာ ဂုဏ်ပြုခဲ့ကြပါတယ်။
“အသင်းအနေနဲ့ ဂျိုတာတို့ညီအကိုအတွက် စဉ်းစားထားတာတွေအများကြီးရှိသလို ဂျိုတာအတွက်လည်း ကာလရှည်ဂုဏ်ပြုဖို့ စဉ်းစားထားပါတယ်။ ပရိသတ်တွေကလည်း စိတ်ကူးတွေအများကြီးရှိပါတယ်။ သူ့မိသားစုကို ဖိတ်ခေါ်မှာဖြစ်သလို အဆင်သင့်တဲ့အချိန်ကျရင် အသိပေးမှုတွေလုပ်မှာပါ။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက အခုအခြေအနေက တကယ့်ကိုစိတ်ကူးယဉ်လို့မရတဲ့အခြေအနေပါ။
ကျွန်တော်တို့ ဒီယေဂို နဲ့ အန်ဒရီတို့ကို သေချာပေါက်မှတ်မိနေမှာပါ။ လာမယ့်တနင်္ဂနွေနေ့မှာ ပရက်စ်တန်နဲ့ပွဲမှာလည်း သူတို့ကိုဂုဏ်ပြုသွားမှာပါ။ အဲ့နောက် အန်ဖီးလ်မြေမှာလည်း ရာသီသစ်စတင်ချိန်မှာ ဆက်လက်ဂုဏ်ပြု ဖို့ စဉ်းစားထားပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့အရာကိုလုပ်ချင်ပါတယ်။ ပြီးတော့ ဒီယေဂို နဲ့ အန်ဒရီတို့ကို မှတ်မိနေတယ်ဆိုတာက ဖြစ်သင့်ပါတယ်”လို့ ဟိုဂန်က ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အက်သလက်တစ်နဲ့မတွေ့ဆုံခင် အာရှဘက်ကို ခရီးဆက်မှာဖြစ်ပြီး လာမယ့် ၂၀၂၅ - ၂၆ ရာသီမစခင် ပဲလေ့စ်နဲ့ကွန်မြူနတီဖလားပွဲကန်ရမှာဖြစ်ပြီး အဲ့နောက် ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ် ဘုန်းမောက်နဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။