
ဖလော်ရီယန်ဝစ်ဇ်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ထပ်မံကမ်းလှမ်းလိုက်တဲ့ လီဗာပူး
လီဗာပူးက ဖလော်ရီယန်ဝစ်ဇ်အတွက် ကမ်းလှမ်းမှုအသစ်တစ်ခု နောက်တစ်ကြိမ်တင်သွင်းလိုက်ပြီး ဂျာမန်သားရဲ့အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိဖို့ နီးစပ်လာပြီလို့ သိရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံတွေက ရာသီကုန်ဆုံးချိန်မှစတင်ကာ လေဗာကူဆင်ကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ သူတို့တွေက အသက်-၂၂ နှစ်အရွယ်ကစားသမားကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့လို ထိပ်တန်းပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လီဗာပူးက ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ ဂျာမန်လက်ရွေးစင်အတွက် ယူရိုသန်း ၁၃၀ ( ပေါင်သန်း ၁၁၀/ ဒေါ်လာ ၁၄၈ သန်း)တန် ကြီးမားတဲ့ပြောင်းရွှေ့ကြေးပမာဏတစ်ရပ်နဲ့ ကနဦးကမ်းလှမ်းမှုကို စတင်လာခဲ့ပေမယ့် ယူရိုသန်း ၁၅၀ (ပေါင် ၁၂၇ သန်း/ ဒေါ်လာ ၁၇၁ သန်း)အထိ လိုလားနေတဲ့ လေဗာကူဆင်ဘက်မှ ချက်ချင်းဆိုသလိုပဲ ပယ်ချသွားခဲ့ပါတယ်။
အခုအချိန်မှာတော့ အပြောင်းအရွှေ့အတွက် အပိုထပ်ဆောင်းဆုကြေး ပေါင် ၁၃ သန်း (ယူရို ၁၅ ဒဿမ ၄ သန်း/ ဒေါ်လာ ၁၇ ဒဿမ ၆ သန်း)နဲ့ တွဲဖက်ထားတဲ့ ပေါင်သန်း ၁၀၀ တန်ကြေးရှိ လီဗာပူးရဲ့ပြင်ဆင်ကမ်းလှမ်းမှုတစ်ခု တရားဝင်ထွက်ပေါ်လာပြီလို့ The Times သတင်းထောက် Pual Joyce က ရေးသားဖော်ပြခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုရဲ့စုစုပေါင်းပမာဏက လေဗာကူဆင်ဘက်မှ တောင်းဆိုထားပြီး ကြိုးကြာနီတွေ မလိုက်လျောလိုတဲ့ မူရင်းသတ်မှတ်ဈေးနဲ့ အနည်းငယ်ကွာဟနေဆဲဖြစ်ပါတယ်။
Sky Germany သတင်းထောက် Florian Plettenberg ကလည်း လီဗာပူးနဲ့လေဗာကူဆင်တို့အကြား တရားဝင်ဆွေးနွေးမှုတွေ စတင်လာပြီး ဖလော်ရီယန်ဝစ်ဇ်ရဲ့စံချိန်တင်အပြောင်းအရွှေ့အတွက် သဘောတူညီမှုတစ်ခုရရှိဖို့ အတော်လေးနီးစပ်နေပြီလို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီသတင်းမှာပဲ သဘောတူညီမှုရရှိဖို့အတွက် အချိန်အနည်းငယ်သာစောင့်ဆိုင်းရတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ စိန်ခေါ်မှုအသစ်တစ်ခုနဲ့ ရင်ဆိုင်ခွင့်ရရှိရေးအလို့ငှာ အခုနွေရာသီ၊ လေဗာကူဆင်မှထွက်ခွာဖို့ လိုလားနေပါတယ်။ ဒီလိုအချိန်မှာပဲ လီဗာပူးအသင်းရဲ့စီမံကိန်းတွေက ဖလော်ရီယန်ဝစ်ဇ်ကို ဆွဲဆောင်နိုင်ခဲ့ပြီး အန်းစလော့ရဲ့အသင်းဆီ အပြည့်အဝအာရုံစိုက်နိုင်ဖို့အတွက် ကစားသမားကိုယ်တိုင်က ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့ရဲ့စိတ်ဝင်စားမှုကို ပယ်ချခဲ့ပါတယ်။