
ဒိုင်လူကြီးများအစည်းအရုံးရဲ့ ကြေညာချက်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ လီဗာပူးနည်းပြယာဂန်ကလော့ပ်
ယမန်နေ့ညပိုင်း၊ တော့တင်ဟမ်အသင်းကို အရေးနိမ့်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းနိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီးနောက် လီဗာပူးနည်းပြယာဂန်ကလော့ပ်က ဒီပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့သူတွေအပေါ် စိတ်ဆိုးဒေါသထွက်နေခဲ့ပါတယ်။
မာတစ်ရဲ့နောက်ဆုံးမိနစ် O.G ကြောင့် အခုပွဲစဉ်ရှုံးနိမ့်ခဲ့ရပေမယ့် နည်းပြကလော့ပ်ကတော့ သူ့အသင်းရဲ့ အစောပိုင်းသွင်းဂိုးကို လူကျွံဘောလို့သတ်မှတ်ကာ ပယ်ဖျက်ခဲ့ခြင်းနဲ့ ကစားသမားနှစ်ဦးအထိ ထုတ်ပယ်ခဲ့မှုတွေအပေါ် စိတ်ဆိုးဒေါသထွက်နေခဲ့တာပါ။
နောက်ပိုင်းမှာတော့ ဒိုင်လူကြီးများအစည်းအရုံး(PGMOL)က လီဗာပူးအတွက် ဒီယက်ဇ်ရဲ့ ပွဲချိန် ၃၄ မိနစ်သွင်းဂိုးကို ခွင့်မပြုပေးခဲ့မှုဟာ နည်းပညာအမှားမျိုးမဟုတ်ဘဲ လူသားနဲ့သက်ဆိုင်တဲ့ သိသာထင်ရှားသောအမှားအယွင်းတစ်ခုဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ကလော့ပ်က “ဒါမျိုးတွေက အကူအညီဖြစ်သလား? မဖြစ်ပါဘူး။ ပြီးခဲ့တဲ့လ၊ ဝုဗ်နဲ့ယှဉ်ပြိုင်ကစားတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်မှာလည်း ဒီလိုအခြေအနေမျိုးတွေ ရှိခဲ့တယ်။ ဒီအတွက် ဝုဗ်တို့ အမှတ်ရခဲ့သလား? မရခဲ့ပါဘူး။ ဒီနေ့မှာလည်း ဒီအမှားတွေအတွက် ကျွန်တော်တို့ အမှတ်တွေ ရရှိမှာမဟုတ်ဘူး။ ဒါကြောင့် အခုလိုမျိုးတွေက အကူအညီမဖြစ်စေပါဘူး။
ကွင်းတွင်းမှာကစားနေချိန် ရာနှုန်းပြည့်မှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးကို ဘယ်သူကမှ မမျှော်လင့်ထားပါဘူး။ VAR ရှိလာချိန်တော့ ဒီလိုအရာမျိုးတွေမှာ ပိုလွယ်ကူလာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလောက်များပြားလှတဲ့ ဖိအားတွေအောက် လူတွေ ဘာကြောင့်အလုပ်လုပ်နေတာလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒီနေ့ သွင်းဂိုးအတွက် အလျှင်အမြန်ပဲ ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုက ပွဲရဲ့အရှိန်အဟုန်အပေါ် ပြောင်းလဲသွားစေခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ဒီယက်ဇ်က သွင်းဂိုးရယူဖို့ ပြေးထွက်သွားချိန် လူကျွံအနေအထားမှာ ရှိမနေခဲ့ဘူးဆိုတာ အလိုအလျောက်သိထားခဲ့တယ်လို့ ကလော့ပ်က ပြောပါတယ်။
“ဒါကို ပထမဆုံးမြင်လိုက်ရချိန်မှာပဲ လူကျွံဘောမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။ ဒါပေမယ့် သူတို့ကတော့ လူကျွံဘောလို့ သတ်မှတ်လိုက်တာပေါ့။ ကျွန်တော်ကတော့ သူတို့တွေ မြင်ကွင်းကောင်းကောင်းတစ်ခုမှာ ရှိမနေခဲ့ဘူးလို့ ယုံကြည်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပွဲချိန်အပြီးမှာပဲ ကျွန်တော်တို့သိခဲ့ရတာက သာမန်လောက်ကြည့်လိုက်မယ်ဆိုရင်တောင် အလွယ်တကူမြင်တွေ့နိုင်တယ်ဆိုတာပါပဲ။ ဒါပေမယ့် ဘယ်သူကမှတော့ ဒါမျိုးဆုံးဖြတ်ချက်ကို ရည်ရွယ်ချက်ရှိရှိချမှတ်ခဲ့တာမျိုး မဟုတ်ဘူးဆိုတာ သေချာပါတယ်”လို့ ဂျာမန်လူမျိုးနည်းပြက ပြောပါတယ်။
ကွင်းလယ်ဒိုင်ကူးပါးက လူကျွံဘောဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ သူ့ဆီ ရှင်းပြပေးခဲ့လားဆိုတဲ့ မေးခွန်းအပေါ် ကလော့ပ်က “ကွင်းလယ်ဒိုင်ကတော့ ဒီအခြေအနေအပေါ် ဘယ်လိုလုပ်ရှင်းပြနိုင်မှာလဲ? စည်းကြပ်ဒိုင်ကတော့ ဒါကို ကြိမ်ဖန်များစွာကြည့်ရှုပြီး လူကျွံတယ်လို့ ယူဆခဲ့တာကြောင့် သူ့ရဲ့အလံကို မြှောက်ထားလိုက်တာပါ။ ရှေးယခင်ကာလတွေမှာ စည်းကြပ်ဒိုင်တစ်ဦးက ဒါမျိုးတွေဟာ လူကျွံဘောမဟုတ်ဘူးဆိုတာ ကောင်းကောင်းမြင်ခဲ့သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ဒါမျိုးအခြေအနေတွေ မကြာခဏကြုံခဲ့ရပြီး ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း ရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ရည်ရွယ်ချက်ရှိရှိဆုံးဖြတ်ခဲ့တာမျိုး မဟုတ်ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။
ကာတစ်ဂျုံးစ်ရဲ့ အနီကတ်နဲ့ပတ်သက်လို့ လီဗာပူးနည်းပြက “ဒီအခန်းထဲမှာ ရှိနေတဲ့ လူတွေအားလုံးကတော့ ဒီဖြစ်ရပ်မှာ ကာတစ်ဂျုံးစ်အတွက် အနီကတ်လို့ပဲ တွေးနေကြပါလိမ့်မယ်။ ကျွန်တော့်အမြင်အရတော့ ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဘောလုံးကစားခဲ့ဖူးပြီး ခင်ဗျားတို့ထဲက အများစုကတော့ ဘောလုံးမကစားခဲ့ဖူးလို့ပါ။
သူက ဘောလုံးကို အားထည့်ပြီး ယူလိုက်တဲ့အချိန် ချော်ထွက်သွားပြီး ပြိုင်ဘက်ခြေထောက်ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းကို ထိမိခဲ့ပါတယ်။ အနှေးပြကွက်တွေနဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ဒီဖြစ်ရပ်က ကြောက်ဖို့ ကောင်းပါတယ်။ အချိန်နဲ့တပြေးညီ မြင်တွေ့လိုက်ရချိန်မှာ ဒါက အဲ့ဒီလောက်ထိ မဆိုးရွားဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် အနီကတ်ပြစ်ဒဏ်ဖြစ်လာပါတယ်။ ဒါပေမယ့် ကာတစ်ဂျုံးစ်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။
ကျွန်တော့်အတွက်တော့ လီဗာပူးက အနီကတ်ပြစ်ဒဏ်တွေ အများကြီးထိထားတဲ့အသင်းလို့ ဘယ်သူကမှ တွေးမိမသွားစေဖို့ အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ကို လိုက်ကန်ကျောက်နေတယ်ပေါ့။ မဟုတ်ပါဘူး၊ ဒါမျိုးတွေ ကျွန်တော်တို့ မလုပ်ပါဘူး။
၁၁ ယောက်၊ ၉ ယောက် ကစားခဲ့ရတဲ့ ပွဲစဉ်မျိုး ဘယ်လောက်များများရှိလို့လဲ? ကျွန်တော်လည်း ဘောလုံးပွဲတွေ အများကြီးကြည့်ရှုခဲ့ဖူးပါတယ်။ ဒါမျိုးတွေက မကြာခဏဖြစ်လေ့ဖြစ်ထမရှိသလို ကျွန်တော်တို့အသင်းကလည်း တော့တင်ဟမ်ကစားသမားတွေကို လူချကစားနေတာမျိုး မလုပ်ပါဘူး။ ကျွန်တော်တို့က ဘောလုံးကစားဖို့ပဲ ကြိုးစားနေတာပါ။ မှန်ပါတယ်၊ ကျွန်တော်တို့တွေ ကာကွယ်ပိတ်ဆို့ကစားခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ရပ်နှစ်ခုမှာ ပထမဖြစ်ရပ်ကို ကျွန်တော်ကတော့ အဝါကတ်မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းယူဆခဲ့ပါတယ်။ ဒုတိယဖြစ်ရပ်ကိုတော့ ကျွန်တော်လည်း ရှင်းရှင်းလင်းလင်းမမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ပထမအဝါကတ်သာမရှိခဲ့ဘူးဆိုရင် ဒုတိယမြောက်အဝါကတ်ဆိုတာလည်း ရှိလာမှာမဟုတ်လို့ ကျွန်တော်တို့အသင်းက လက်ကျန်ကစားသမား ၁၀ ဦးနဲ့ ဆက်ကစားနေရပါမယ်။ ဒါကြောင့် အရေးလည်း မကြီးတော့ပါဘူး။
ဒီအရာက ကိစ္စအားလုံးကို ခက်ခဲအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးကစားသမားတွေ လုပ်ဆောင်ပြခဲ့တာကလည်း တကယ့်အံ့မခန်းပါပဲ။ ကျွန်တော်တို့အသင်းပြသခဲ့တဲ့ စိတ်ဓါတ်ပိုင်းကို ဘယ်အရာမှ လိုက်မမှီခဲ့ပါဘူး။ ဒီလိုမျိုး တခါမှ မမြင်ဖူးခဲ့ပါဘူး။ တကယ့် ထိပ်တန်းပါပဲ။
ဆိုးရွားတဲ့ကစားပုံမျိုးနဲ့ အနိုင်ရရှိခဲ့မယ်ဆိုရင်တောင် ကျွန်တော့်ရဲ့အသင်းအကြောင်း အများကြီးသိခဲ့ရတယ်လို့ ထင်ပါတယ်။ တကယ့်ကို ပြောင်မြောက်လွန်းတဲ့ စွမ်းဆောင်ရည်ပါ။ ကျွန်တော်တို့ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပေမယ့် ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဒီစိတ်ဓါတ်ပိုင်းကို ဆက်လက်အသုံးပြုရပါလိမ့်မယ်။ ဒါက အစီအစဉ်တစ်ခုပါ”လို့ ပြောပါတယ်။
အနှေးပြကွက်တွေက ဖျက်ထုတ်မှုတွေအပေါ် သုံးသပ်ချက်တွေကို ဆိုးရွားသွားစေသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ ကလော့ပ်က “ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အတွေးတွေက သိပ်အရေးမကြီးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အတွေးတွေက ဘယ်အရာကိုမှ မပြောင်းလဲနိုင်စေလို့ပါ။ ဒါပေမယ့် အနှေးပြကွက်တွေမှာ ပြန်ကြည့်ရင်တော့ လုံးဝကွဲပြားခြားနားတဲ့အရာကိုပဲ မြင်တွေ့ရမယ်ဆိုတာ ကျွန်တော်တို့အားလုံး သဘောတူကြပါလိမ့်မယ်။ ဘောလုံးပွဲကတော့ လက်ရှိအချိန်မှာ ကစားရတာပါ။ ဒါပေမယ့် ကျွန်တော်တို့က အနှေးပြကွက်မှာကြည့်ပြီး ဆုံးဖြတ်ချက်ချနေကြပါတယ်။ ဒါက အဓိပ္ပါယ်မရှိပါဘူး။ အနှေးပြကွက်တွေကို အသုံးမပြုပြန်ဘူးဆိုရင်လည်း ကျွန်တော်တို့အားလုံးက အခြေအနေအများစုကို သဘောတူကြဦးမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ဒါက မတူကွဲပြားတဲ့ အမြင်တစ်ခုလောက်ပါပဲ။ သူတို့တွေက ဘာတွေပဲလုပ်လုပ် ကျွန်တော်ယူဆခဲ့သလို မှန်ကန်တဲ့အရာဖြစ်လာအောင် လုပ်ဆောင်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ဂျိုတာရဲ့ဒုတိယမြောက်အဝါကတ်ပြစ်ဒဏ်က အသင်းအတွက် တစုံတခုရရှိနိုင်မယ့် အခွင့်အရေးတွေကို အဆုံးသတ်သွားစေတယ်လို့ ကလော့ပ်က ဆက်ပြောပါတယ်။
သူက “ပွဲကို သတ်ပစ်လိုက်တာက ဒုတိယမြောက်အနီကတ်နဲ့ အခြားဆုံးဖြတ်ချက်အများစုပါပဲ။ အခိုက်အတန့်အများစုမှာ ဒိုင်လူကြီးတွေအတွက် တကယ်ကိုခက်ခဲခဲ့တယ်ဆိုတာ သိပါတယ်။ လူကျွံဂိုးအတွက် ဒိုင်လူကြီးကို အပြစ်မတင်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါက သူ့အမှားမဟုတ်ပါဘူး။ ဒါပေမယ့် အခြားအရာတော်တော်များများမှာတော့ သူတာဝန်မဲ့လွန်းတယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ အခုတော့ ဒါပါပဲ။
ကျွန်တော်တို့ အမှတ်မရရှိခဲ့ပါဘူး။ ဒါကပဲ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့အရာဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အမှတ်မရခဲ့ပေမယ့် ကျွန်တော် ဒီပွဲစဉ်မှ အရာတော်တော်များများ ရရှိခဲ့ပါတယ်။ ကောင်လေးတွေကို ရှေ့ဆက်နိုင်ဖို့နဲ့ ခံစားချက်တွေကောင်းမွန်နေဖို့ ကျွန်တော် ကူညီပေးရပါလိမ့်မယ်”လို့ ဆက်ပြောခဲ့ပါတယ်။