မာယော့ကာနဲ့ပွဲစဉ်အပြီး ဘာစီလိုနာအတွက် အလွန်အရေးကြီးတဲ့နိုင်ပွဲလို့ ချီးကျူးဂုဏ်ပြုလိုက်တဲ့ ယာမယ်လ်
လတ်တလောကာလတွေမှာ အဖိုးတန်ရမှတ်တွေ ဆုံးရှုံးခဲ့ရပြီးနောက် လာလီဂါပြိုင်ပွဲမှာ လမ်းကြောင်းမှန်ဆီ ပြန်လည်တက်လှမ်းလာနိုင်တဲ့ သူ့ရဲ့အသင်းကို မြင်တွေ့ခဲ့ရလို့ ဘာစီလိုနာလူငယ်ကြယ်ပွင့်ယာမယ်လ် ကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။
ယာမယ်လ်က မနေ့ညပိုင်း၊ မာယော့ကာနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ဘာစီလိုနာအသင်းကို အဝေးကွင်းမှာ ၁-၅ ဂိုးဖြင့် အဖိုးတန်နိုင်ပွဲရရှိအောင် ကူညီပေးခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာတော့ သူက အလွန်အရေးကြီးတဲ့နိုင်ပွဲတစ်ခုဖြစ်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
Esport3 နဲ့တွေ့ဆုံချိန် ယာမယ်လ်က “လာလီဂါမှာ ရှုံးပွဲနှစ်ခုကြုံတွေ့ခဲ့ရပြီးနောက် ဒါက အလွန်အရေးကြီးတဲ့ နိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုလိုရလဒ်မျိုးနဲ့အနိုင်ရရှိဖို့က အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ရွှင်နေပါတယ်။
ပထမပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့တွေ ပိုကောင်းခဲ့ပေမယ့် ရရှိလာတဲ့အခွင့်အရေးတိုင်းကို အဆုံးသတ်နိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေအတွက် ကျွန်တော်တို့အသင်းမှာ အခုလိုစိတ်ကူးမျိုးရှိနေခဲ့ပြီး ကျွန်တော်တို့တွေ အတော်လေးအဆင်ပြေသွားခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ယာမယ်လ်က ရာဖင်ဟာအတွက် အကွက်မြင်မြင်ပေးပို့နိုင်ခဲ့တဲ့ သူ့ရဲ့ဂိုးဖန်တီးပေးမှုနဲ့ပတ်သက်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ စပိန်ကြယ်ပွင့်က “ကျွန်တော်ကိုယ်တိုင်အတော်လေးကောင်းအောင်လုပ်နိုင်တဲ့ ကိစ္စအချို့ရှိပါတယ်။ အခုလိုဂိုးဖန်တီးပေးမှုတွေက ကျွန်တော် အမြဲတမ်းလုပ်နေကျပါ။
ရာဖင်ဟာအတွက်လည်း ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့အချင်းချင်းကြားမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့် ရှိပါတယ်။ ကွင်းရဲ့အဲ့ဒီလိုဧရိယာမျိုးမှာဆိုရင် ကျွန်တော် အခုလိုဂိုးဖန်တီးပေးဖို့ အမြဲတမ်းကြိုးစားလေ့ရှိတာကို သူသိပါတယ်။
ကျွန်တော်တို့အတွက် နိုင်ပွဲတွေ ပြန်လည်လိုအပ်နေခဲ့လို့ အခုပွဲစဉ်ရလဒ်ပိုင်းက ကျွန်တော်တို့အသင်းအတွက် အလွန်အရေးကြီးတဲ့အောင်ပွဲတစ်ခု ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျွန်တော်တို့တွေ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် လာလီဂါပြိုင်ပွဲမှာတော့ ကျွန်တော်တို့အသင်းက အလွန်ရယ်ရွှင်ဖွယ်ကောင်းလောက်အောင် ရမှတ်တွေ ဆုံးရှုံးခဲ့ပါတယ်။
လူတိုင်းအတွက် အခုနိုင်ပွဲက အလွန်အရေးကြီးပါတယ်။ ပွဲကစားချိန်နည်းပါးသူတွေလည်း သူတို့သွင်းယူခဲ့တဲ့ဂိုးတွေကြောင့် ယုံကြည်မှုတွေ အများကြီးရရှိပါတယ်။ ကျွန်တော့်ရဲ့ခြေကျင်းဝတ်လည်း ကောင်းမွန်နေပါပြီ။ လိုအပ်သလောက် ပွဲစဉ်တွေအများကြီးကစားပေးဖို့ အဆင်သင့်ပါပဲ”လို့ ဆိုပါတယ်။
ဆယ်ကျော်သက်အရွယ်ကစားသမားက အခုရာသီ၊ ဟန်စီဖလစ်ခ်ရဲ့အသင်းအတွက် လာလီဂါ ၁၄ ပွဲမျှသာ ကစားပေးထားပေမယ့် ဂိုးဖန်တီးမှုရှစ်ကြိမ်အထိ စွမ်းဆောင်ထားနိုင်ပါတယ်။