
အလွန်ဆိုနဲ့ အန်ဆယ်လော့တီအကြား အဓိကကွာခြားချက်ကို ထုတ်ဖော်ပြောပြခဲ့တဲ့ အမ်ဘာပေ
ရီးရဲလ်မက်ဒရစ်က အခုရာသီ၊ လာလီဂါရှစ်ပွဲကစားပြီးချိန် ခုနစ်ပွဲအနိုင်ရရှိမှုနဲ့အတူ ရမှတ် ၂၁ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို အထင်ကြီးလောက်စရာကောင်းအောင် စတင်ထားနိုင်ပါတယ်။ ဇွန်လအတွင်း နည်းပြသစ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ အလွန်ဆိုနဲ့အတူ စပိန်ထိပ်တန်းလိဂ်မှာ ပုံစံကောင်းပြသနေတဲ့ မက်ဒရစ်အခြေစိုက်ကလပ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း နှစ်ပွဲဆက်အနိုင်ယူကာ အောင်မြင်မှုကို တိုးချဲ့ထားနိုင်ပါတယ်။
လာလီဂါအဆင့်-၂ နေရာနဲ့အတူ ဖလားလက်မဲ့ရာသီဖြစ်ခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကုန်ဆုံးချိန် အန်ဆယ်လော့တီနဲ့လမ်းခွဲဖို့ ရီးရဲလ်မက်ဒရစ်တို့ ဆုံးဖြတ်ခဲ့ပြီးနောက် အလွန်ဆိုကိုတာဝန်ပေးအပ်မယ့် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ယမန်နှစ်ဘောလုံးရာသီမှာ စိတ်ပျက်စရာတွေ ကြုံတွေ့ခဲ့ပေမဲ့ အန်ဆယ်လော့တီက ဆန်တီယာဂိုဘာနေဗျူးမှာ ချန်ပီယံလိဂ်ဖလားသုံးကြိမ်၊ လာလီဂါချန်ပီယံဆုနှစ်ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှု ၁၅ ကြိမ်အထိ ရရှိကာ ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတလျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အလွန်ဆိုကလည်း လေဗာကူဆင်ကို သုံးနှစ်ကြာကိုင်တွယ်ခဲ့ချိန်အတွင်း အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဘွန်ဒက်စ်လီဂါချန်ပီယံဆု ဆွတ်ခူးပြီးနောက် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ဆီ နည်းပြသစ်အဖြစ် ရောက်ရှိလာကာ ပွဲဦးထွက်ဘောလုံးရာသီမှာတင် ဆုဖလားအောင်မြင်မှုအချို့ဆွတ်ခူးဖို့ ရည်မှန်းထားပါလိမ့်မယ်။
လတ်တလောမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးအမ်ဘာပေဆီ ဒီနည်းပြနှစ်ဦးအကြား နှိုင်းယှဉ်သုံးသပ်ပေးဖို့ဆိုတဲ့ တောင်းဆိုမှုတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ အမ်ဘာပေက “ ကိုယ်ပိုင်လမ်းကြောင်းတွေကို ဖြတ်သန်းခဲ့တဲ့ မျိုးဆက်မတူညီသော နည်းပြနှစ်ဦး ဖြစ်ပါတယ်။ အန်ဆယ်လော့တီဆိုတာ သမိုင်းကြောင်းတလျှောက် အကောင်းဆုံးနည်းပြတွေအနက် တစ်ဦး ဖြစ်ပါတယ်။ သူ့ဆီရောက်ရှိလာပြီး သူ့အတွက် ကစားပေးရမယ်ဆိုရင် ပျော်ရွှင်စရာကောင်းပါတယ်။ သူက ကစားသမားတွေနဲ့လည်း အမြဲတမ်းရင်းရင်းနှီးနှီးဆက်ဆံလေ့ရှိပါတယ်။
အလွန်ဆိုကတော့ အများကြီးကူညီပေးဖို့လိုလားပေမဲ့ အသက်အရွယ်အားဖြင့် ငယ်ရွယ်နေပါသေးတယ်။ သူက ရီးရဲလ်မက်ဒရစ်နဲ့အတူ သူ့ကိုယ်သူသက်သေပြချင်စိတ် ပိုများပြားပါတယ်။ ပြီးတော့ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းမှာ သူ့အတွက် ပထမဆုံးအကြိမ်အခွင့်အလမ်းကြီးကို ရရှိဖို့ ကြိုးစားသွားပါလိမ့်မယ်။ ကျွန်တော်တို့လည်း တက်နိုင်သမျှဆုဖလားအောင်ပွဲတွေ ရှာဖွေရင်း အလွန်ဆိုကို ကူညီပေးသွားဖို့ ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အမ်ဘာပေက အလွန်ဆိုရဲ့နည်းဗျူဟာပိုင်းအမြင်တွေနဲ့ တဖြည်းဖြည်းလိုက်လျောညီထွေဖြစ်အောင် သူတို့အသင်းကစားသမားတွေ လုပ်ဆောင်နေပုံကိုလည်း ပြောပြခဲ့ပါတယ်။ သူက “ ဒါဟာ ရီးရဲလ်မက်ဒရစ်နဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အရေးကြီးတဲ့သက္ကရာဇ်တစ်ခု ဖြစ်ပါတယ်။ နည်းပြရဲ့လိုအင်ဆန္ဒ ဘာလဲဆိုတာနားလည်နိုင်ဖို့ စလုပ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရောက်ရှိချင်တဲ့နေရာဆီ အရောက်သွားနိုင်ဖို့အတွက် တိုးတက်မှုရှိအောင် လုပ်ဆောင်သွားရပါမယ်”လို့ ပြောပါတယ်။
အမ်ဘာပေက အခုရာသီ၊ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစားရာမှာ ၁၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာနိုင်ငံတကာသီတင်းပတ်အလွန် အမ်ဘာပေတို့အသင်းက လာမယ့်တနင်္ဂနွေနေ့မှာ ဂီတာဖေးနဲ့ လာလီဂါအဝေးကွင်းပွဲစဉ်ကို ဆင်နွှဲသွားရပါမယ်။ ဒီနောက်မှာတော့ သူတို့တွေက အောက်တိုဘာ ၂၂ ရက်၊ ချန်ပီယံလိဂ်အုပ်စုအဆင့်တတိယမြောက်ပွဲစဉ်အဖြစ် ဘာနေဗျူးမှာ ဂျူဗင်တပ်စ်ကို ဧည့်ခံကစားရပါမယ်။