
ဘန်လေအသင်းထံ အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲ့တဲ့ မန်စီးတီးစတား
သတင်းတွေအရ မန်စီးတီးစတား ဝေါ်လ်ကာတစ်ယောက် အံ့အားသင့်ဖွယ် တန်းတက် ဘန်လေအသင်းထံပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်သားဟာ အသင်းဖော်ဟောင်း ပါကားနဲ့ပြန်လည်ပေါင်းဆုံနိုင်ခဲ့ပြီဖြစ်ကာ ၂ နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီဝက်တုန်းက စီးတီးထံကနေ အေစီမီလန်အသင်းထံမှာ အငှားထွက်ကစားခဲ့ပြီးနောက် အခုဘန်လေအသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ GOAL သတင်းဌာနရဲ့အဆိုအရ စီးတီးအသင်းဟာ ဝေါ်လ်ကာထွက်ခွာမှုကြောင့် ပေါင် ၁၀ သန်းလောက်သက်သာသွားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး ခြေစွမ်းကျဆင်းခဲ့ပြီးနောက် ဇန်နဝါရီတုန်းက အေစီမီလန်အသင်းထံ အငှားထွက်ကစားခဲ့ရပါတယ်။
“ကျွန်တော် ဒီမှာရှိရတာကို ဝမ်းသာမိပါတယ်။ ကျွန်တော်စကော့နဲ့စကားပြောချိန်မှာ လာမယ့်ရာသီအတွက် သူ့ရဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ အဲ့တာက ကျွန်တော်အသင်းပြောင်းလာရတဲ့အချက်ပါ။ သူဒီမှာအကောင်းဆုံးလုပ်ဆောင်နေသလို အသင်းကိုလည်း ပရီးမီးယားလိဂ်တန်းပြန်တက်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုကျွန်တော်တို့ လာမယ့်ရာသီသစ်အတွက် မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ ဘန်လေက ပြီးခဲ့တဲ့ရာသီတုန်းက အရမ်းကောင်းတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့သလို ခံစစ်စံချိန်ကောင်းလည်းတင်ထားနိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွေ့အကြုံနဲ့အတူ ဒီအသင်းနဲ့စတင်နိုင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ဝေါ်လ်ကာက ဖြေကြားခဲ့ပါတယ်။
ဝေါ်လ်ကာဟာ ဘန်လေအသင်းနဲ့အတူ ပထမဆုံးပွဲဦးထွက်အဖြစ် အသင်းဟောင်း တော့တင်ဟမ်နဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘန်လေဟာ သြဂုတ်လလယ်မှာ အဖွင့်ပွဲအဖြစ် မြောက်လန်ဒန်မြေကိုသွားရမှာဖြစ်ပါတယ်။