The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲစဉ်ကို ခက်ခဲကြမ်းတမ်းလှတဲ့စမ်းသပ်မှုတစ်ခုအဖြစ် လက်ခံယုံကြည်ထားတဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို အခုပြိုင်ပွဲကာလအတွက် အခက်ခဲဆုံးစမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ယူဆနေပြီး သူ့ဆီမှာ ပြိုင်ဘက်ကို စိတ်ကြိုက်ရွေးချယ်နိုင်မယ့် အခွင့်အရေးမရှိဘူးလို့ သုံးသပ်လိုက်ပါတယ်။ သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ကွန်ပနီက “ ပြိုင်ဘက်က ချန်ပီယံလိဂ်ချန်ပီယံဖြစ်နေတော့ ပြောဖို့တော့ အတော်ခက်ပါတယ်။ ပြိုင်ပွဲကာလအတွင်း အခြားအရာတွေနဲ့ နှိုင်းယှဉ်သုံးသပ်တာမျိုး မလုပ်ချင်ပေမယ့် ပီအက်စ်ဂျီဟာ အလွန်တောင့်တင်းလှတဲ့အသင်းကောင်းတစ်ခုဆိုတာတော့ သေချာပါတယ်။ အောင်ပွဲကာလတစ်ခုအတွင်း ဖြတ်သန်းနေချိန်ဖြစ်လို့ မနက်ဖြန်ပွဲစဉ်အတွက် သူတို့တွေ အကောင်းဆုံးဖြစ်နေမှာ မဟုတ်ဘူးလို့ တွေးကြည့်နေစရာတောင် မလိုပါဘူး။ ဒါပေမဲ့ အခုလိုစိန်ခေါ်မှုမျိုးဆိုတာ ကိုယ်ကြိုက်နှစ်သက်တဲ့အရာမျိုးပါပဲ။ ဒါက အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံးပွဲစဉ်တစ်ခု ဖြစ်လာနိုင်သလို တခြားလုပ်နိုင်မယ့်အရာလည်း မရှိပါဘူး”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်က ၁၆-သင်းရှုံးထွက်အဆင့်မှာ ဖလာမင်ဂိုကို ၄-၂ ဂိုးဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ဆီ ယုံကြည်မှုအပြည့်ဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲရှိနေသော်လည်း ပရီးမီးယားလိဂ်ခံစစ်မှူးဟောင်းကတော့ ကစားသမားဘဝမှာဆိုရင် အခုလိုပွဲစဉ်မျိုးကို မျှော်လင့်တောင့်တမိလိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ကွန်ပနီက “ ကျွန်တော်သာ ကစားသမားတစ်ဦးဖြစ်နေမယ်ဆိုရင် အခုလိုပွဲစဉ်မျိုးကို မျှော်လင့်မိနေပါလိမ့်မယ်။ အနိုင်ရရှိဖို့အကြောင်း တွေးမနေဘဲ အကောင်းဆုံးပွဲစဉ်ဖြစ်လာအောင် လုပ်သွားဖို့ပဲ လိုအပ်ပါတယ်”လို့ ဆိုပါတယ်။ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်ကလည်း ဒီပွဲစဉ်မှာ ရေပန်းစားသူမရှိဘဲ အပြန်အလှန်တိုက်စစ်ဖွင့်ကစားမယ့် ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။ ၁၆-သင်းရှုံးထွက်အဆင့်မှာ အင်တာမိုင်ယာမီကို ၄-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လူးဝစ်အင်းနရစ်က “ သူတို့တွေက ကျွန်တော်တို့နဲ့ အတော်လေးတူညီတယ်လို့ ထင်ပါတယ်။ ဘောလုံးဆုံးရှုံးထားချိန်မှာတောင် ဘိုင်ယန်မြူးနစ်က ရဲစွမ်းသတ္တိအပြည့်နဲ့ သက်သောင့်သက်သာ တိုက်စစ်ဖွင့်ကစားလေ့ ရှိပါတယ်။ ဒီပွဲစဉ်က တဖက်နဲ့တဖက် အပြန်အလှန်တိုက်စစ်ဖွင့်ကစားပြီး အတော်လေးကြည့်ကောင်းပါလိမ့်မယ်”လို့ ဆိုပါတယ်။ အခုပွဲစဉ်မှာ အနိုင်ရရှိမယ့်အသင်းက ဆီမီးဖိုင်နယ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်(သို့မဟုတ်)ဒေါ့မွန်နဲ့ ရင်ဆိုင်သွားရပါမယ်။