The network connection is lost.

Banner Image

အာဆင်နယ်မှာ ရုန်းကန်ခဲ့ရကြောင်း ဝန်ခံပြောကြားလာတဲ့ ကိုင်ဟားဗက်ဇ်

အာဆင်နယ်တိုက်စစ်မှူးသစ် ကိုင်ဟားဗက်ဇ်က မိမိရဲ့အာဆင်နယ်ကစားသမားဘဝအစဟာ ရုန်းကန်ခဲ့ရပြီး အသင်းဖော်တွေနဲ့ နည်းပြရဲ့ကူညီမှုကြောင့်သာ အထိုင်ကျခဲ့တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဂျာမန်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးထံကနေ ပေါင် ၆၅ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
 
လေဗာကူဆင်စတားဟောင်းဟာ ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရပြီးနောက် အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း ဆက်လက်ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားဟာ အစပိုင်းမှာရုန်းကန်ခဲ့ရပေမယ့် အာတီတာရဲ့လမ်းပြမှုနဲ့အတူ တိုက်စစ်ပိုင်းမှာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
 
“အာဆင်နယ်ရဲ့အစပိုင်းနေ့ရက်တွေက ကျွန်တော့်အတွက် မလွယ်ကူခဲ့ပါဘူး။ ချဲလ်ဆီးဖန်တွေကလည်း ကျွန်တော် ထွက်ခွာသွားလို့ ဒေါသထွက်နေကြသလို အာဆင်နယ်ပရိသတ်တွေကလည်း သဘောမကျကြပါဘူး။ အဲ့တာကြောင့် အခြေအနေတွေက အစပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ အသင်းဖော်တွေနဲ့ နည်းပြရဲ့အားပေးမှုကြောင့်သာ ကျွန်တော်အခုလိုမျိုးဖြစ်လာခဲ့တာပါ။ ယုံကြည်မှုဆိုတဲ့စကားလုံးက ကြီးမားတဲ့စကားလုံးပါ။ ကျွန်တော်အဲ့တာနဲ့ပတ်သက်ပြီး သတိထားခဲ့ပါတယ်။ လူတွေယုံကြည်လာဖို့ဆိုတာ ကျွန်တော့်အတွက် မလွယ်ကူခဲ့ပါဘူး။ ဘောလုံးလောကအပြင်ဘက်မှာ ကျွန်တော့်သူငယ်ချင်းတစ်ဦး ရှိပါတယ်။ ကျွန်တော်နဲ့ရင်းနှီးတဲ့သူငယ်ချင်းအများကြီးမရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်အကြောင်းနဲ့ ပတ်သက်ပြီး အရမ်းအပြင်းအထန်ဖြစ်တဲ့သူတွေကြားမှာတော့ ခွဲခြားတတ်ပါတယ်”လို့ ဟားဗက်ဇ်က ပြောကြားခဲ့ပါတယ်။
 
ဟားဗက်ဇ်က အာတီတာရဲ့နည်းစနစ်ပိုင်းအကြောင်းနဲ့ သူသဘောကျမိတဲ့ အကြောင်းကို ပြောကြားခဲ့ပါတယ်။ “နည်းပြတစ်ဦးအနေနဲ့ သူ့လောက်နည်းစနစ်ကောင်းတဲ့ နည်းပြမျိုး ကျွန်တော် မမြင်ဖူးပါဘူး။ သူက အသေးစိတ်အချက်အလက်တွေကအစ ကျွန်တော်တို့ကိုချပေးသလို ကွင်းထဲမှာဖြစ်တဲ့အရာတွေအတွက်လည်း ဖြေရှင်းချက်တွေပေးပါတယ်။ အာဆင်နယ်က လူငယ်အသင်းဖြစ်တာကြောင့် သတိထားစရာတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ လူငယ်အသင်းတိုင်းက ပြီးပြည့်စုံနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ၄ နှစ်အတွင်း သူ့လက်အောက်မှာ အာဆင်နယ်ဘယ်လောက်တိုးတက်လာလဲဆိုတာ မြင်နိုင်ပါတယ်”လို့ ဟားဗက်ဇ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။