
ဘာစီလိုနာနဲ့အပြိုင် ယူနိုက်တက်ကြယ်ပွင့် မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုစိတ်ဝင်စားလာတဲ့ ဂျူဗင်တပ်စ်
ဂျူဗင်တပ်စ်ဟာ ဘာစီလိုနာကပစ်မှတ်ထားစောင့်ကြည့်နေတဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြလာခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်နေပြီဖြစ်ပေမယ့် ဂျူဗင်တပ်စ်ကလည်း အပြောင်းအရွှေ့ထဲဝင်ရောက်လာခဲ့ကာ ချိတ်ဆက်မှုတွေ စတင်ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ အီတလီဂျာနယ်လစ် ဂျီယန်လူကာ ဒီမာဇီယိုရဲ့အဆိုအရ ဂျူဗင်တပ်စ်ဟာ ယခုတစ်ပတ်အတွင်းမှာပဲ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ကမ်းလှမ်းလာနိုင်တယ်လို့သိရပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ကတော့ ဘာစီလိုနာသို့ပြောင်းရွှေ့လိုကြောင်း အရိပ်အယောင်ပြထားပြီးသားဖြစ်ပေမယ့် ယူနိုက်တက်ဘက်က ပိုမိုကောင်းမွန်တဲ့ပြောင်းရွှေ့ကြေးကိုလိုချင်နေတာကြောင့် ဂျူဗင်တပ်စ်အနေနဲ့လည်း ခေါ်ယူနိုင်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။ အသက်-၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်နဲ့ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် ဒုတိယရာသီဝက်ကို အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ရပါတယ်။
အက်စတွန်ဗီလာအတွက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲအတွင်းမှာတော့ ရက်ရှ်ဖို့ဒ်ဟာ ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် ခြေစွမ်းတိုးတက်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းအထိပေးချေနေရတဲ့ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ရောင်းချဖို့သာ ဆန္ဒရှိနေတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့လည်း အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် လာလီဂါချန်ပီယံတွေဟာ ကစားသမားကို တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းအထိတော့ ပေးချေသွားနိုင်ဖို့မရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုကိုင်တွယ်နေတဲ့ တူရကီကလပ် ဖီနာဘာချီကတော့ ယူနိုက်တက်ကသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ကိုပေးချေပြီး ရက်ရှ်ဖို့ဒ်ကိုခေါ်ယူလိုနေတယ်လို့သတင်းတွေကဖော်ပြထားပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ကတော့ ချန်ပီယံလိဂ်ကစားချင်ပေမယ့် ဖီနာဘာချီသို့ပြောင်းရွှေ့ဖို့ဆန္ဒမရှိသလို၊ အက်စတွန်ဗီလာသို့လည်း ပြန်သွားလိုခြင်းမရှိဘူးလို့သိရပါတယ်။ ယခုအခါမှာတော့ ဂျူဗင်တပ်စ်က ကစားသမားကိုခေါ်ယူဖို့ကြိုးစားလာခဲ့ပြီး အပြီးသတ်ဝယ်ယူခွင့်ပါသဘောတူညီချက်နဲ့ အငှားစာချုပ်ချုပ်ဆိုလိုနေပါတယ်။
ယူနိုက်တက်ဘက်ကတော့ ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားတာကြောင့် လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ဘာစီလိုနာနဲ့ဂျူဗင်တပ်စ်တို့ ကမ်းလှမ်းမှုတွေပြုလုပ်လာနိုင်ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ စီးရီးအေ သို့မဟုတ် လာလီဂါသို့ပြောင်းရွှေ့နိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။