
The network connection is lost.

အခုဘောလုံးရာသီ၊ လီဗာပူးအသင်းရဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြနေတဲ့ ဒါဝင်နူနက်ဇ်ရဲ့ တိုးတက်လာတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်တွေက အန်ဖီးကလပ်ကစားသမားဘ၀ အဖွင့်ရာသီနဲ့ အဓိက ကွာခြားချက်ဖြစ်တယ်လို့ နည်းပြယာဂန်ကလော့ပ်က ရှင်းပြလာပါတယ်။
ဒါဝင်နူနက်ဇ်က ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ဘင်ဖီကာမှ လီဗာပူးဆီ ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းဖြင့် ရောက်ရှိလာခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတလျှောက်လုံး ပုံမှန်ပွဲထွက်ခွင့်ရရှိရေး ရုန်းကန်ခဲ့ရပါတယ်။ သူက ပရီးမီးယားလိဂ် ၂၉ ပွဲ ကစားခဲ့ရာမှာ ၁၉ ပွဲက ပွဲထွက်ကစားသမားဖြစ်ခဲ့ပါတယ်။
အခုလိုအချက်အလက်တွေနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီဝက်ကာလမှာ အသင်းဆီရောက်ရှိလာကာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကိုဒီဂတ်ပိုတို့ ရှိလာခဲ့ပေမယ့် လီဗာပူးကတော့ နွေရာသီကာလအတွင်း ဥရုဂွေးတိုက်စစ်မှူးဆီ အသင်းရဲ့ကျောနံပါတ်-၉ ဂျာစီ ပေးအပ်ကာ ယုံကြည်မှု ပြသခဲ့ပါတယ်။ ဒီအချိန်မှစတင်ကာ နူနက်ဇ်က သူ့ကို ယုံကြည်ပေးခဲ့တဲ့အသင်းအပေါ် ပိုမိုပေးဆပ်လာခဲ့ပါတယ်။
ဥရုဂွေးသားက ယမန်နေ့ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ ဝက်စ်ဟမ်းကို အနိုင်ယူတဲ့ပွဲစဉ်အတွင်း အံ့ဖွယ်သွင်းဂိုးရယူမှုအပါအဝင် ၂၀၂၃-၂၀၂၄ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးအတွက် ဂိုးပါဝင် ပတ်သက်မှု လေးကြိမ်အထိ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး လတ်တလောသီတင်းပတ်တွေမှာ သိသာစွာတိုးတက်လာတဲ့ နူနက်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ ကလော့ပ်ဆီ မေးခွန်းတွေ ရောက်ရှိလာခဲ့ပါတယ်။
ဂျာမန်လူမျိုးနည်းပြကြီးက “လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်လောက်မှာ ကြီးမားတဲ့ခြေလှမ်းတွေ စတင်နိုင်ခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်က အစွမ်းထက်လက်နက်တစ်ခု ဖြစ်ပါတယ်။ ခင်ဗျားတို့အားလုံးလည်း သွင်းဂိုးကို မြင်တွေ့ခဲ့ရမှာပေါ့၊ တော်တော်လေးလှပကောင်းမွန်ခဲ့တယ်မဟုတ်လား? သူက ကျွန်တော်တို့အတွက် အမြဲတမ်းအသင့်ရှိနေခဲ့သူပါ။ ခုတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရင်ဘတ်နဲ့ထိန်းပြီး ဘောလုံးကစားနိုင်တဲ့ ဘောလုံးသမားတစ်ဦးရှိနေတာ လက်ရှိအခိုက်အတန့်မှာ ကျွန်တော်တို့အတွက် အရမ်းအရေးပါပါတယ်။ ဒါကပဲ ကျွန်တော်တို့အသင်း ဘယ်လိုဂိုးသွင်းနိုင်မလဲဆိုတာ ပြသမှုတစ်ခုပါ။ ကျွန်တော်တို့အတွက် အရမ်းအရေးပါပါတယ်။ သူ့ရဲ့တိုးတက်လာတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က အဓိကကွာခြားချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နူနက်ဇ်က အသင်းရဲ့ခံစစ်ကို ကူညီပေးဖို့ အမြဲတမ်းလိုလားခဲ့ပေမယ့် ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အားနည်းခဲ့ပါတယ်။ အခုတော့ ဒီအချက်က အရမ်းကောင်းသွားပါပြီ”လို့ ပြောပါတယ်။
လီဗာပူးက အခုသီတင်းပတ်ကြားရက်မှာ လက်စတာနဲ့ ကာရာဘောင်ဖလားပွဲစဉ်၊ တနင်္ဂနွေနေ့မှာ ပုံစံကောင်းရနေတဲ့ တော့တင်ဟမ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေချိန် နူနက်ဇ်က သူ့ရဲ့ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။