The network connection is lost.

Banner Image

ရာသီကောင်းတစ်ခုကိုဖြတ်သန်းနိုင်ဖို့ သံသယမရှိယုံကြည်ထားကြောင်း ပြောကြားလာတဲ့ ဘယ်လင်ဟမ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်က သူ့အနေနဲ့ အသင်းနဲ့အတူ ရာသီကောင်းတစ်ခုကို ဖြတ်သန်းနိုင်ဖို့ သံသယမရှိယုံကြည်ထားကြောင်း ပရိသတ်တွေကို ကတိပေးပြောကြားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ရာသီအစမှာအနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့လမှစတင်ပြီး ဘယ်လင်ဟမ်ရဲ့ ခြေစွမ်းပြမှု၊ ဂိုးသွင်းစွမ်းရည်တိုးတက်လာမှုနဲ့အတူ လက်ရှိအချိန်မှာတော့ တည်ငြိမ်တဲ့ပုံစံကို ပြန်လည်ရရှိနေပြီဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ရာသီအစမှာ အသင်းအတွက် ပုံစံအသစ်နဲ့ပါဝင်ကစားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပြီးခဲ့တဲ့ရာသီကပုံစံမျိုး ပြန်လည်ကစားနေပြီး သွင်းဂိုးတွေပြန်လည်သွင်းယူလာနိုင်ခဲ့တာဖြစ်ပါတယ်။အသက်-၂၁ နှစ်အရွယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ခေါင်းဆောင်ပိုင်းတာဝန်အချို့ကိုလည်း ထမ်းဆောင်နေရကာ ပါချူကာနဲ့ယှဉ်ပြိုင်သွားရမယ့် တိုက်ကြီးများဖလား ဗိုလ်လုပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အဆိုပါအခန်းကဏ္ဍနဲ့ပတ်သက်ပြီးမေးမြန်းခံခဲ့ရပါတယ်။  

စွယ်စုံရကွင်းလယ်လူက “အသင်းရဲ့အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်တွေအများကြီးရှိပေမယ့် ဒီနေ့မှာတော့ ကျွန်တော့်ကို မီဒီယာနဲ့စကားပြောဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ထူးထူးခြားခြားတော့မဟုတ်ပါဘူး။ အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်တွေအများကြီးရှိပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည်မှုရှိနေဖို့ပါပဲ။ ကျွန်တော့်မှာ ခေါင်းဆောင်အရည်အသွေတချို့ရှိတာတော့မှန်ပေမယ့် ဒါက လူတိုင်းမှာရှိသင့်ရှိထိုက်တာမျိုးပါပဲ” လို့ဖြေကြားခဲ့ပါတယ်။ 

ဘယ်လင်ဟမ်ဟာ တိုက်စစ်ကိုအသားပေးတဲ့ နေရာမှာ ပြောင်းလဲကစားပြီးနောက်ပိုင်း ရီးရဲလ်မက်ဒရစ်အတွက် နောက်ဆုံးပွဲစဉ် ၈ ပွဲမှာ ၇ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားက ကွင်းထဲမှာသူ့အတွက်အကောင်းဆုံးနေရာဟာ နည်းပြကြီး ကာလို့စ်အန်ဆယ်လော့တီချမှတ်ပေးတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး ကစားသမားက “ပထမတစ်ချက်ကတော့ ကျွန်တော်အခုလို တိုက်စစ်ကိုပိုမိုလိုက်ပါကစားရတဲ့ နေရာမှာ ပျော်နေတယ်ဆိုတာပါ။ ဒီလိုကစားရတာ ကြိုက်ပါတယ်။ ပြီးတော့ ဂိုးတွေလည်းထပ်သွင်းနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒုတိယတစ်ချက်က ကျွန်တော်တို့ ရာသီအစမှာ ပုံစံကောင်းမရခဲ့ပါဘူး။ အခြားအသင်းတွေထွက် ခြေတစ်လှမ်းနောက်ကျခဲ့ပါတယ်။ ဒါပေမယ့် ပြန်အမီလိုက်ဖို့ ကျွန်တော်တို့မှာ အချိန်တွေအများကြီးကျန်ပါသေးတယ်။

အသင်းရဲ့ဒဏ်ရာပြဿနာတွေကလည်း ကျွန်တော်တို့ကို နောက်ကျစေခဲ့တဲ့ အချက်တွေထဲကတစ်ခုပါ။ ရာသီကောင်းတစ်ခုကို ဖြတ်သန်းသွားနိုင်မယ်ဆိုတာ သံသယမရှိယုံကြည်ထားပါတယ်။ မနက်ဖြန်ပွဲမှာလည်း ဒါကို သက်သေပြသွားမှာပါ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။