
ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ဘာစီလိုနာသို့ပြောင်းရွှေ့ချင်နေခဲ့ကြောင်း ဝန်ခံလာတဲ့ ရက်ရှ်ဖို့ဒ်
ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်မှ ဘာစီလိုနာသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်က သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက အက်စတွန်ဗီလာအစား ဘာစီလိုနာသို့ပြောင်းရွှေ့ချင်ခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ယခုအခါမှာ ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်ကို တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူလိုက်ကြောင်း အတည်ပြုကြေညာလိုက်ပြီဖြစ်ပြီး စာချုပ်ပါသဘောတူညီချက်အရ ရာသီကုန်မှာတော့ ကစားသမားကို အပြီးသတ်ဝယ်ယူသွားရမှာဖြစ်ပါတယ်။ နည်းပြရူဘင်အာမိုရင်ရဲ့လက်အောက် ယူနိုက်တက်မှာ နေရာမရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာခဲ့ပြီး အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။
သို့သော်လည်း ရက်ရှ်ဖို့ဒ်ဟာ အဲဒီအချိန်ကတည်းက ဘာစီလိုနာသို့သာပြောင်းရွှေ့ချင်နေခဲ့တာဖြစ်ပြီး ယခုအခါမှာသာ ဆန္ဒနဲ့ဘဝထပ်တူကျခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ကတ်တလန်အခြေစိုက်အသင်းမှာ ကျောနံပါတ် ၁၄ အင်္ကျီကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။
ဘာစီလိုနာသို့ရောက်ရှိပြီးနောက် ရက်ရှ်ဖို့ဒ်က "ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ကျွန်တော်ဘယ်ကိုသွားချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် အက်စတွန်ဗီလာကိုသွားခဲ့ပါတယ်။ ဗီလာမှာ ကျွန်တော်ပျော်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုတွေရှိခဲ့ပြီး တိုးတက်လာခဲ့တယ်လို့လည်းထင်ပါတယ်။ အခုနွေရာသီမှာတော့ ကျွန်တော် လွယ်ကူတဲ့ဆုံးဖြတ်ချက်နဲ့အတူ ဘာစီလိုနာကိုရောက်လာခဲ့ပါပြီ"
"ဒီအသင်းက မိသားစုဆန်တဲ့အသင်းပါ။ ကျွန်တော်ဒီကိုရောက်တော့ အိမ်ပြန်ရောက်နေသလို ခံစားရပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တယ်လို့လည်း ခံစားရပါတယ်။ အသင်းအတွက် ပထမဆုံးပွဲမှာ ပါဝင်ကစားဖို့ စိတ်လှုပ်ရှားနေပါပြီ။ ကျွန်တော်ကစားဖို့ အဆင်င့်ဖြစ်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ပတ်သက်ပြီးတော့လည်း ရက်ရှ်ဖို့ဒ်က "ယူနိုက်တက်က အခုချိန်မှာ အပြောင်းအလဲတွေလုပ်နေတဲ့ကာလပါ။ မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ မကောင်းပြောစရာ ဘာတစ်ခုမှမရှိပါဘူး။ ယူနိုက်တက်က ကျွန်တော့်ဘဝရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ အကောင်းဆုံးဖြစ်ဖို့နဲ့ အနာဂတ်မှာ အောင်မြင်မှုတွေရရှိဖို့ ဆုတောင်းပေးပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ ဘာစီလိုနာဟာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် မာယော့ကာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ရက်ရှ်ဖို့ဒ်တစ်ယောက် အဆင်သင့်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။