
အာဆင်နယ်က ချိတ်ဆက်နေတဲ့အနေအထားမှာ အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အီဆက်
နယူးကာဆယ်တိုက်စစ်မှူး အီဆက်က အာဆင်နယ်က ချိတ်ဆက်နေတဲ့ အနေအထားမှာ သူ့ရဲ့အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဆွီဒင်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ် ၂၁ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၂၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
အဆိုပါစွမ်းဆောင်ရည်တွေကြောင့် အီဆက်ကို ဥရောပအသင်းတော်တော်များများက စိတ်ဝင်စားနေပြီး အာတီတာရဲ့အာဆင်နယ်ကလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် အီဆက်ကတော့ နယူးကာဆယ်မှာပျော်နေပြီး အနာဂတ်အကြောင်း မတွေးထားကြောင်း ပြောကြားလိုက်ပါတယ်။
အင်တာဗျူးတစ်ခုမှာ အီဆက်က “ကျွန်တော်နယူးကာဆယ်မှာ ပျော်နေပါတယ်။ ကစားသမားဘဝအကောင်းဆုံးရာသီတစ်ခုကိုရခဲ့ပါတယ်။ ဒီမှာရှိတဲ့အရာတွေ အားလုံးကို ချစ်ပါတယ်။ ကျွန်တော့်အနာဂတ်အကြောင်း ဘာမှမတွေးထားပါဘူး။ ထွက်ခွာဖို့လည်း မတွေးထားပါဘူး။ အသင်းနဲ့စကားပြောဆိုမှုလည်း မရှိသလို ရောင်းချမယ်ဆိုတဲ့အချက်အလက်လည်း မရပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၂ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အာဆင်နယ်ဟာ အီဆက်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ဆိုစီဒက်နဲ့ သဘောတူညီမှုမရခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် လအနည်းငယ်အကြာမှာ နယူးကာဆယ်က အီဆက်ကို ခေါ်ယူခဲ့ပါတယ်။ ဧပြီလတုန်းကတော့ နယူးကာဆယ်နည်းပြ ဟိုဝီက အီဆက်ကို ရောင်းချဖို့အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်ပရိသတ်တွေကတော့ အာဆင်နယ်အနေနဲ့ လိုက်ပ်ဇစ်စတား ဆက်စ်ကိုကိုသာ အာရုံစိုက်ဖို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားကို ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကလည်း စိတ်ဝင်စားနေကာ ဒီရာသီပြိုင်ပွဲစုံ ၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။