
ဟယ်ရီကိန်းပျော်နေတာမြင်တော့ သူလည်းပျော်ပါတယ်ဆိုတဲ့ ဆွန်ဟောင်မင်
တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က အသင်းဖော်ဟောင်း ဟယ်ရီကိန်းတစ်ယောက် ဘိုင်ယန်မြူးနစ်နဲ့အတူ ကစားသမားဘဝ ပထမဆုံးအမှတ်ပေးချန်ပီယံဖြစ်ခဲ့လို့ ပျော်ရွှင်နေတဲ့အပေါ် သူလည်း လိုက်ပျော်ပါတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ကိန်းဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ဆုဖလားကို စတင်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်လုံး ဖလားမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကိန်းနဲ့အတူ တော့တင်ဟမ်မှာ ၈ နှစ်ကြာတွဲဖက်ကစားခဲ့ဖူးတဲ့ ဆွန်က အသင်းဖော်ဟောင်း ပျော်ရွှင်နေတာကို မြင်တွေ့ရတာ ဝမ်းသာမိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
ဆွန်ဟောင်မင်က "ကျွန်တော် ဟယ်ရီကိန်းကို စာပို့တော့ သူက ဗီဒီယိုကောပြန်ခေါ်ပါတယ်။ သူအခုလိုပျော်နေတာမြင်ရလို့ ကျွန်တော်လည်းပျော်ပါတယ်။သူက ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ပါ။ ကျွန်တော်နဲ့ မိသားစုလိုလည်းဖြစ်နေလို့ သူရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ တော့တင်ဟမ်ကိုလည်း ဆုဖလားဆွတ်ခူးနိုင်ဖို့အတွက် သူ အားပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တစ်ဖက်ကမှာ ဟယ်ရီကိန်းက ဆုဖလားမိုးခေါင်မှုကို ဘိုင်ယန်မြူးနစ်နဲ့အတူ အဆုံးသတ်နိုင်ခဲ့သလို၊ ဆွန်ဟောင်မင်ကလည်း အသင်းရဲ့ ၁၇ နှစ်ကြာဖလားမိုးခေါင်မှုကို ရပ်တန့်နိုင်ဖို့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ကစားဖို့လိုအပ်နေပါတယ်။ တော့တင်ဟမ်နဲ့အတူ ဆယ်နှစ်နီးပါးလက်တွဲခဲ့တဲ့ ဆွန်ဟောင်မင်အနေနဲ့လည်း ကာလရှည်ပေးဆပ်ခဲ့မှုရဲ့ အသီးအပွင့်ကို မကြာခင်မှာ ခံစားသွားနိုင်မလား စောင့်ကြည့်ရပါမယ်။ လာမယ့် မေလ ၂၂ ရက်နေ့မှာတော့ တော့တင်ဟမ်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် ယူနိုက်တက်ကို စပိန်မြေမှာ သွားရောက်ရင်ဆိုင်ရပါမယ်။