အက်ဖ်အေဖလား တတိယအဆင့်မှာ အာဆင်နယ်နဲ့ လက်ရှိချန်ပီယံ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံနေ
တနင်္လာနေ့ညနေကပြုလုပ်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်မဲခွဲပွဲမှာ အာဆင်နယ်က လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့ကတော့ လွယ်ကူတဲ့ပြိုင်ဘက်တွေနဲ့ ကစားသွားရမှာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ နည်းပြဟောင်း အဲရစ်တန်ဟက်နောက်ဆုံး ဆွတ်ခူးပေးနိုင်ခဲ့တဲ့ အက်ဖ်အေဖလားချန်ပီယံဆိုတဲ့ ဆုတံဆိပ်ကို နည်းပြသစ် ရူဘင်အာမိုရင်လက်ထက်မှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ မန်စီးတီးကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးနည်းလာပြီဖြစ်လို့ အက်ဖ်အေဖလားဘက်ကို အာရုံစိုက်လာဖွယ်ရှိပြီး မဲခွဲမှုရလဒ်အရ ယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်းအချို့ ပိုင်ဆိုင်တဲ့ ဆဲလ်ဖို့ဒ်စီးတီးနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။
တော့တင်ဟမ်ကလည်း လွယ်ကူတဲ့ပွဲစဉ်အဖြစ် တမ်ဝေါ့သ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်သလို၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့ကလည်း အက်ကရင်တန်စတန်လေ၊ မော်ကမ်ဘီတို့နဲ့ ကစားသွားရမှာဖြစ်လို့ လွယ်လွယ်ကူကူပဲ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးများနေပါတယ်။
ပရီးမီးယားလိဂ် ကြီး ၆ ကြီးရဲ့ အက်ဖ်အေဖလား တတိယအဆင့် မဲခွဲမှုရလဒ်များ
လီဗာပူး - အက်ကရင်တန်
မန်စီးတီး - ဆဲလ်ဖို့ဒ်စီးတီး
ချဲလ်ဆီး - မော်ကမ်ဘီ
အာဆင်နယ် - ယူနိုက်တက်
တမ်ဝေါ့သ် - တော့တင်ဟမ်
အဆိုပါပွဲစဉ်တွေကို လာမယ့်ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားပြီး ပွဲစဉ်အချို့မှာ အချိန်အပြောင်းအလဲရှိနိုင်တယ်လို့သိရပါတယ်။ အာဆင်နယ်နဲ့ယူနိုက်တက်၊ တမ်ဝေါ့သ်နဲ့ တော့တင်ဟမ်၊ လီဗာပူးနဲ့ အက်ကရင်တန် တို့ပွဲစဉ်တွေကတော့ သေချာပေါက် လက်ရှိချမှတ်ထားတဲ့ အချိန်ဇယားအတိုင်း ကစားသွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
တတိယအဆင့်ပွဲစဉ်တွေမတိုင်မီ ဒီဇင်ဘာလအတွင်းမှာတော့ ခရစ္စမတ်ကာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဆက်တိုက်ကစားသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ် အသင်းတွေဟာ ဇန်နဝါရီလ ၁၁ ရက်နေ့မတိုင်မီ ကြားကာလမှာ ၇ ပွဲအထိ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ပွဲဆက်တွေအလွန်များပြားသွားမှာဖြစ်လို့ ကစားသမားအမြောက်အမြားပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့လိုအသင်းတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ပြတ်ပြတ်သားသားဦးဆောင်နေတဲ့ လီဗာပူးကို ဖိအားပေးနိုင်ဖို့ တောင့်တင်းတဲ့လူစာရင်းကို သေချာအသုံးချသွားဖို့လိုအပ်နေပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို စံချိန်တင် ၅ ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ဖို့ ရသမျှအခွင့်အရေးကို အမိအရအသုံးချနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။