
လေဗာကူဆင်ကစားသမားဘဝမှာတင် ဖရင်းပေါင်ဆီမှ အင်္ဂလိပ်စာသင်ယူခဲ့တယ်လို့ ဆိုလိုက်တဲ့ ဖလော်ရီယန်ဝစ်ဇ်
လီဗာပူးမှာ အသင်းဖော်ဟောင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ပြီးနောက် ဖလော်ရီယန်ဝစ်ဇ်က ဖရင်းပေါင်ကို အင်္ဂလိပ်စာသင်ကြားပေးခဲ့ခြင်းအတွက် ကျေးဇူးတင်စကား ပြောဆိုလိုက်ပါတယ်။ ပေါင် ၁၁၆ သန်းတန်ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်က လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံတဲ့ အင်တာဗျူးတစ်ခုမှာ လေဗာကူဆင်အသင်းအဝတ်လဲခန်းအတွင်း သူ့အပေါ်ရှိခဲ့ဖူးတဲ့ ဖရင်းပေါင်ရဲ့သက်ရောက်မှုအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ ဖရင်းပေါင်က မကြာခဏဆိုသလို အင်္ဂလိပ်ဘာသာစကားပြောဆိုရန် ဖလော်ရီယန်ဝစ်ဇ်ဆီ တိုက်တွန်းခဲ့ပြီး ဂျာမန်သားရဲ့တိုးတက်လာမှုမှာ ဒတ်ချ်ကစားသမားရဲ့အကျိုးသက်ရောက်မှုတွေ အများကြီးပါဝင်တယ်လို့ သိရပါတယ်။
ဖရင်းပေါင်က အသက်-၇ နှစ်အရွယ်မှာပင် အင်္ဂလန်မြေဆီ ရောက်ရှိလာခဲ့ပြီး မန်စီးတီးအကယ်ဒမီမှာ ကိုးနှစ်ကြာတက်ရောက်ကာ ဆဲလ်တစ်ဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက်-၂၄ နှစ်အရွယ်ဒတ်ချ်ကစားသမားက သူ့ရဲ့အချိန်ကာလအများစုကို ဗြိတိန်မှာသာ ကုန်ဆုံးခဲ့ပြီး ဖလော်ရီယန်ဝစ်ဇ်ကို အင်္ဂလိပ်စာသင်ကြားပေးဖို့ ပြီးပြည့်စုံတဲ့ဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးက ကွင်းတွင်းကွင်းပြင်ရင်နှီးမှုှရှိကြပြီး လတ်တလောမှာလည်း အားလပ်ရက်ကာလတစ်ခုကို အတူတကွခံစားနေကြပါတယ်။
ဖရင်းပေါင်ဆီမှ အင်္ဂလိပ်စာသင်ယူခဲ့ရလားဆိုတဲ့မေးခွန်းကို ဖလော်ရီယန်ဝစ်ဇ်က “ ဟုတ်ပါတယ်၊ ဖရင်းပေါင်က အဝတ်လဲခန်းမှာဆိုရင် ကျွန်တော့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦး ဖြစ်ပါတယ်။ သူက ကျွန်တော့်ဘေးမှာထိုင်ပြီး ကျွန်တော့်ကို အင်္ဂလိပ်စကားပြောဆိုတက်ဖို့ လေ့ကျင့်ပေးပါတယ်။ ကျောင်းပြီးသွားချိန်အထိ ကျွန်တော့်ရဲ့အင်္ဂလိပ်စာစွမ်းရည်က သိပ်မကောင်းလှပါဘူး။ ဒါပေမဲ့ ဖရင်းပေါင်က ကျွန်တော့်ရဲ့အင်္ဂလိပ်စာအရည်အသွေးတိုးတက်လာအောင် လေ့ကျင့်ပေးခဲ့ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး အန်ဖီးလ်မှာ ဖရင်းပေါင်နဲ့ နောက်တစ်ကြိမ်တွဲဖက်ကစားရမယ့် အလားအလာနဲ့ပတ်သက်လို့ ဖလော်ရီယန်ဝစ်ဇ်က “ သူနဲ့ သုံးလေးနှစ်လောက် တွဲကစားခဲ့ရတယ်လို့ ထင်ပါတယ်။ ဖရင်းပေါင်ဆိုတာ တကယ်ကောင်းတဲ့ကစားသမားတစ်ဦးဖြစ်သလို ရယ်စရာကောင်းသူလည်း ဖြစ်ပါတယ်။ တိုက်စစ်ခံစစ်နှစ်မျိုးလုံးအတွက် အရည်အသွေးကောင်းတွေ အများကြီးပိုင်ဆိုင်ထားပြီး ကွင်းတွင်းမှာရော၊ အဝတ်လဲခန်းမှာပါ အကောင်းဆုံးဆိုတဲ့အရာတွေကို ဖြစ်ထွန်းစေပါတယ်။ သူက လီဗာပူးဆီ အရင်ရောက်သွားတယ်ဆိုတော့ ကျွန်တော့်ကိုလည်း သူ့ဆီလာပူးပေါင်းဖို့ လိုလားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်အတွက်ကိုယ်ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့တယ်လို့ပဲ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့စည်းရုံးမှုကလည်း တစိတ်တပိုင်းအားဖြင့် ပါဝင်ကောင်းပါဝင်နိုင်ပါတယ်။
ပိုကြီးမားတဲ့ကလပ်အသင်းတစ်ခုဆီ အတူပြောင်းရွှေ့လာပြီး နောက်တစ်ကြိမ်တွဲကစားနိုင်မယ့် အလားအလာက တကယ်ကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့အတူ ကွင်းတွင်းမှာ နောက်တစ်ကြိမ်တွဲဖက်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်”လို့ ပြောပါတယ်။
လတ်တလောမှာတော့ ဒီကစားသမားနှစ်ဦးရဲ့နွေရာသီအားလပ်ရက်ခရီးစဉ်က ပြီးဆုံးသွားပုံရပြီး လာမယ့်ဘောလုံးရာသီ၊ လီဗာပူးအသင်းအတွက် ကိုယ်စားပြုပေးဖို့ မျှော်လင့်နေပါလိမ့်မယ်။ ချန်ပီယံတွေက အပြောင်းအရွှေ့ကာလအစောပိုင်းမှာပဲ ကြီးမားတဲ့လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အန်းစလော့လက်အောက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အောင်မြင်မှုခရီးလမ်းအတွက် ကစားသမားသစ်ခေါ်ယူမှုတွေက ခွန်အားသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ပရိသတ်တွေကိုယ်တိုင်လည်း တန်ကြေးမြင့်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။