
လာမယ့်ရာသီသစ်မတိုင်ခင် အသင်းဖော်တွေကိုသတိပေးလိုက်တဲ့ မက်ဂွါရီ
အာမိုရင်လက်အောက် ရာသီကြိုခရီးစဉ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ရာသီသစ်မတိုင်ခင် ယူနိုက်တက်အသင်းဖော်တွေကို ခွင့်လွှတ်မှုဆိုတာမရှိနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနှစ်ကတုန်းက အဆင့် ၁၅ နေရာနဲ့ အဆိုးဝါးဆုံးရာသီသိမ်းခဲ့သလို ဆယ်စုနှစ်ဝက်တစ်လျှောက် အဆိုးဝါးဆုံးရပ်တည်မှုလည်း ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ဥရောပပြိုင်ပွဲဝင်ခွင့်မရတဲ့အခြေအနေကို အဆုံးသတ်နိုင်ဖို့ နီးစပ်ခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်မှာ တော့တင်ဟမ်နဲ့တွေ့ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာကြောင့် လက်လွှတ်ခဲ့ရပြန်ပါတယ်။ ဥရောပပြိုင်ပွဲမရှိတာကြောင့် ယူနိုက်တက်ဟာ ပြည်တွင်းလိဂ်ဖလားပွဲတွေသာ ကန်ရမှာဖြစ်ပြီး ပွဲ ၄၀ လောက်သာရှိနိုင်တာဖြစ်ပါတယ်။ ပြိုင်ဘက်တွေထက် ပွဲနည်းတာကြောင့် ပရီးမီးယားလိဂ်ကို အပြည့်အဝအာရုံစိုက်နိုင်တာဖြစ်ပြီး အဆိုပါအခြေအနေက အသင်းအတွက် ဦးစားပေးဖြစ်ပါတယ်။
တကယ်လို့ သေချာလေးအာရုံစိုက်နိုင်မယ်ဆိုရင် လာမယ့် ၂၀၂၆ - ၂၇ ရာသီမှာ ဥရောပပြိုင်ပွဲပြန်လည်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ အဆိုပါအချက်ကြောင့် ယူနိုက်တက်အနေနဲ့ သေချာလေးအာရုံစိုက်ရဖွယ်ရှိနေပါတယ်။ ရာသီကြိုခရီးစဉ်မှာ ၁ ပွဲသာ ပါဝင်ခွင့်ရထားပေမယ့်လည်း မက်ဂွါရီက အခုရာသီသစ်ကို အပြည့်အဝအာရုံစိုက်ဖို့ ပြောကြားလိုက်ပါတယ်။
“ကျွန်တော် ဒီရာသီအသင်းအောင်မြင်မှုရယူနိုင်ဖို့ရာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အားလုံးအတွက် ခက်ခဲခဲ့ပါတယ်။ ဒီရာသီမှာတော့ အဲ့တာကို ဆင်ခြေပေးလို့မရတော့ပါဘူး။ ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်ပွဲတွေအတွက် ပြင်ဆင်ချိန်အများကြီးရှိနေပါတယ်။ အဲ့အတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်လည်း သေချာပေါက်အဆင်သင့်ဖြစ်နေအောင် လုပ်ဆောင်ထားပါမယ်။
ဒီအသင်းအတွက် အရာအားလုံးပေးဆပ်ကစားသွားမှာပါ။ အာမိုရင်က ကွင်းထဲမှာလုံလောက်တဲ့အချိန်မရဘူးဆိုတာကို ထပ်လောင်းပြောခဲ့ပါတယ်။ ဒီရာသီကြိုမှာ ကျွန်တော်တို့ ခက်ခဲခဲ့သလို နည်းစနစ်အတွက်လည်း ပြင်ဆင်ခဲ့ပါတယ်။ ကွင်းထဲကို အကုန်ပတ်ပြေးနေတာထက် သေချာလေးနည်းစနစ်အရုပ်တွေနဲ့ ပြင်ဆင်လာခဲ့ပါတယ်။ နှစ်သက်ဖွယ်ရာသီကြိုခရီးစဉ်တစ်ခုဖြစ်ခဲ့သလို ကျွန်တော်တို့ အဲ့တာကနေ သင်ယူရပါမယ်။ကျွန်တော်တို့ ဒီနည်းစနစ်က ပိုကောင်းတယ်ဆိုတာ သိလာပါတယ်။ အဲ့တာကို လာမယ့်ပွဲတွေမှာ သေချာလေးအသုံးချရပါမယ်”လို့ မက်ဂွါရီက ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အခုစနေနေ့မှာ ဖီအိုရင်တီးနားနဲ့ကစားမှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ ရာသီသစ်မတိုင်ခင် ကြိုတင်ပြင်ဆင်လို့ရမယ့် နောက်ဆုံးအခွင့်အရေးလည်းဖြစ်ပါတယ်။လာမယ့်သြဂုတ်လ ၁၇ ရက်နေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် အာဆင်နယ်နဲ့ကစားရမှာဖြစ်ပါတယ်။