နယ်သာလန်နှင့်ပွဲက အငြင်းပွားဖွယ် ပင်နယ်တီနှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဟယ်ရီကိန်း
အင်္ဂလန်အသင်းအနေနဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်တွင် ပင်နယ်တီရရှိခဲ့ခြင်းမှာ ကံကောင်းတယ်လို့ ဟယ်ရီကိန်းက ပြောကြားထားပါတယ်။
ပွဲကစားချိန် ၈မိနစ်တွင် ဆိုင်မွန်ရဲ့ အံ့အားသင့်ဖွယ် သွင်းဂိုးကြောင့် အင်္ဂလန်ဟာ နယ်သာလန်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ဂိုးဧရိယာအတွင်း ဒမ်ဖရီးစ်ရဲ့ ကိန်းကို တားဆီးခဲ့ခြင်းကြောင့် အင်္ဂလန်ကို ပင်နယ်တီပေးကြောင်း VAR ကြည့်ရှုပြီးနောက် ကွင်းလယ်ဒိုင်က ဆုံးဖြတ်ခဲ့ပါတယ်။ ဖိအားများအောက်တွင် တည်ငြိမ်မှုရှိတယ်လို့ လူသိများတဲ့ ကိန်းဟာ အဆိုပါပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့် အင်္ဂလန်တို့ သရေကျစေမယ့် ချေပဂိုးရရှိခဲ့ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်အတွက် တော်တော်များများထံမှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။ ITV က အားကစားအစီစဉ်တင်ဆက်သူ ဂယ်ရီနဗီးလ်က အဆိုပါဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိပါဘူးလို့ ထင်မြင်သူအများအပြားရဲ့ ခံစားချက်အတိုင်း ပြောကြားခဲ့ပါတယ်။ ပူးတွဲတင်ဆက်သူတွေဖြစ်တဲ့ အယ်လီမက်ကော့စစ် နှင့် လီဒီရွန်တို့ကလည်း VAR ဒိုင်လူကြီးရဲ့ စွက်ဖက်မှုအပေါ် အံ့ဩမိကြောင်း ဖော်ပြခဲ့ပါတယ်။ ကိန်းကိုယ်တိုင်ကလည်း အဆိုပါပင်နယ်တီအဆုံးအဖြတ်က ဆိုးရွားစေတယ်လို့ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။
သတင်းထောက်များနှင့် ပြောဆိုရာတွင် ကိန်းက "ကျွန်တော့်ကန်လိုက်တဲ့အချိန် သူကကျွန်တော့်ကို သေချာထိမိသွားပါပြီ။ တစ်ခါတလေကျတော့လည်းထိမိသလို တစ်ခါတလေလည်း မထိပါဘူး။ ဂိုးဝင်သွားတဲ့အတွက်တော့ ဝမ်းသာမိပါတယ် အရမ်းကောင်းတဲ့ ခံစားချက်ဆိုတာတော့ သေချာပါတယ်" လို့ ဖြေထားပါတယ်။
ဒုတိယပိုင်းမှာတော့ ကိန်းဟာ ရုန်းကန်နေပုံရပြီး သူ့ကိုလူစားထိုးဖို့ ဆောက်ဂိတ်က ရဲရင့်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ မိနစ် ၉၀ အရောက်မှာတော့ ကိန်းရဲ့ကိုအစားဝင်ရောက်ခဲ့တဲ့ အိုလီဝက်ကင်းစ်က အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အင်္ဂလန်တို့ ဖိုင်နယ်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ကိန်းက ဝက်ကင်းစ်ရဲ့ အဆင်သင့်ဖြစ်ခြင်းနဲ့ ပံ့ပိုးကူညီမှုတွေကို ချီးကျူးပြောဆိုခဲ့ပြီး "ကျွန်တော်တို့ အဆင်သင့်ဖြစ်ခြင်းအကြောင်း ပြောရမှာပါ။ ကျွန်တော်တို့က အဆင်သင့်ဖြစ်နေတဲ့ အသင်းကြီးတစ်သင်းပါ။ အရေးကြီးတာက ငါးမိနစ် ဒါမှမဟုတ် တစ်မိနစ်လောက်တော့ ရနိုင်ပေမယ့် အပြောင်းအလဲတစ်ခုကို လုပ်နိုင်ရမှာပါ။ ကျွန်တော်တို့ကို ပြိုင်ပွဲတစ်ခုအနိုင်ရစေဖို့ သူကစောင့်နေတာပါ။ သူလုပ်ခဲ့တာတွေက ထူးထူးခြားခြားနဲ့ ထိုက်တန်ပါတယ်" လို့ ကိန်းက ပြောထားပါတယ်။
နယ်သာလန်ကို အနိုင်ရပြီးနောက် အင်္ဂလန်ဟာ ဥရောပချန်ပီယံရှစ် ဖိုင်နယ်သို့ နှစ်ကြိမ်ဆက်တိုက် တက်ရောက်ခဲ့ပါတယ်။ ၎င်းတို့ဟာ တနင်္ဂနွေနေ့ ဘာလင်တွင် စပိန်အသင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး အီတလီနှင့် ကစားခဲ့တဲ့ ဝင်ဘာလေဖိုင်နယ်က ကျိန်စာကိုချေဖျက်ကာ ချန်ပီယံဆုရယူရန် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။