The network connection is lost.

Banner Image

ဘာစီလိုနာရဲ့ ကစားပုံကို ပြောင်းလဲသွားမယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဟန်ဆီဖလစ်ခ်

ဘာစီလိုနာနည်းပြသစ် ဟန်ဆီဖလစ်က လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အသင်းရဲ့ရိုးရာကစားဟန်ဖြစ်တဲ့ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးတဲ့ ကစားဟန်ကို အနည်းငယ်ပြောင်းလဲမှုပြုလုပ်ပြီး သွင်းဂိုးတွေ ပိုမိုသွင်းယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ဖလစ်က ဘာစီလိုနာအနေနဲ့ ဂိုးများများသွင်းယူနိုင်ဖို့အတွက် ကစားသမားတွေကို ပြိုင်ဘက်အသင်းရဲ့ ဂိုးဘက်ခြမ်းမှာ ဖိအားပေးကစားသွားခိုင်းမယ်လို့ဆိုပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့အတူ သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ဖလစ်ဟာ ဘာစီလိုနာကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဇာဗီဟာနန်ဒက်ဇ်နေရာမှာ နွေရာသီအစောပိုင်းကတည်းက အစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဇာဗီဟာ သူ့ရဲ့ဘာစီလိုနာနည်းပြ ပထမဆုံးရာသီမှာ အသင်းအတွက် လာလီဂါဖလားအပါအဝင် ဆုဖလား ၂ လုံးထိဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ အောင်မြင်မှုမရခဲ့တာကြောင့် အသင်းမှထွက်ခွာဖို့ ဖိအားပေးခံခဲ့ရတာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဖလစ်က “ဒီမှာ ပုံမှန်ကစားနေကျ ပုံစံက ဘောလုံးကိုင်ပြီး လူပေးကစားတာပါ။ ဒါပေမယ့် ကျွန်တော်က ပြိုင်ဘက်ဂိုးပေါက်ကို တိုက်ရိုက်သွားချင်ပါတယ်။ ဂိုးသွင်းဖို့ ပိုပြီးအာရုံစိုက်သင့်တယ်လို့ထင်ပါတယ်။ ကျွန်တော့်ရဲ့အစီအစဉ်က အသင်းကို အများကြီးပြောင်းလဲသွားစေမှာမဟုတ်ပါဘူး။ တူညီတဲ့ကစားပုံကို ပုံဖော်သွားမှာဖြစ်ပေမယ့် ပြိုင်ဘက်ရဲ့ဂိုးဘက်ခြမ်းမှာ ဘောလုံးပိုကစားဖို့ ရည်ရွယ်ထားပါတယ်” “ကျွန်တော်လို့လိုချင်တာက အသင်းကို လျင်လျင်မြန်မြန်ကစားနိုင်ဖို့ပါ။ ဘောလုံးကိုင်ထားတဲ့အချိန်မှာပဲဖြစ်ဖြစ် မကိုင်ထားတဲ့အချိန်မှာပဲဖြစ်ဖြစ် လျင်လျင်မြန်မြန်ကစားဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကို လူမြန်မြန်ပေး ပြိုင်ဘက်ကို ဖိအားပေးပြီး ဂိုးတွေ သွင်းနိုင်သလောက်သွင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်”

“ကျွန်တော်တို့မှာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်ကစားဟန်ရှိပါတယ်။ ဘယ်လိုကစားချင်တာလဲဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ပွဲစဉ်တိုင်းက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေဖြစ်လာမှာပါ။ ပွဲတစ်ပွဲအတွင်းမှာပဲ အသင်းရဲ့ကစားပုံက ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။ ကျွန်တော်တို့က အသင်းရဲ့အကောင်းဆုံးကစားဟန်ကို ဆက်တိုက်ရှာဖွေသွားမှာမို့လို့ပါ” “ကျွန်တော်တို့အနေနဲ့ ကွင်းလယ်ကစားသမားကို ရှေ့ကိုတက်ကစားခိုင်းဖို့၊ ဒါမှမဟုတ် အခြားနေရာတစ်ခုကို ရွှေ့ပစ်ဖို့ ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်။ ဒါကတော့ ပြိုင်ဘက်ရဲ့ကစားပုံအပေါ်မူတည်ပြီး ကျွန်တော်တို့ပြောင်းလဲနိုင်တဲ့ အသေးစိတ်အချက်အလက်လေးတွေပါ။ ပြိုင်ဘက်နဲ့ ပွဲအခြေအနေပေါ်မူတည်ပြီး ဒီလိုအသေးစိတ်အချက်အလက်တွေကို အကောင်အထည်ဖော်သွားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ အမြဲတမ်းလမ်းဖွင့်ထားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ရာသီကြိုခရီးစဉ်ကို အမေရိကန်သို့ ထွက်ခွာသွားမှာဖြစ်ပြီး ပထမဆုံးခြေစမ်းပွဲကိုတော့ ဇူလိုင်လ ၃၀ ရက်နေ့မှာ အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ အော်လန်ဒိုမှာ စတင်ကစားသွားမှာဖြစ်ပါတယ်။