မန်စီးတီးအသင်း ရလဒ်ဆိုးတွေကြုံတွေ့နေရပေမယ့် သူ အဆင်ပြေနေပါတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက လတ်တလောကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြား သူ့ရဲ့ဘဝနေထိုင်မှုပုံစံနဲ့ပတ်သက်လို့ စိုးရိမ်စရာဖြစ်တယ်လို့ ဝန်ခံခဲ့ပေမယ့် သူ အဆင်ပြေနေပါတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။မန်စီးတီးက ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိတဲ့အထိ ဆိုးဆိုးရွားရွားကျဆင်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါက ပက်ဂွါဒီယိုလာစတင်တာဝန်ယူတဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ အဆိုးရွားဆုံးမှတ်တမ်းဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ကတ္တလန်သားရဲ့ ၁၆ နှစ်တာ နည်းပြသက်တမ်းကာလအတွင်း အဆိုးရွားဆုံးအခိုက်အတန့်လည်း ဖြစ်လာပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာတော့ ပက်ဂွါဒီယိုလာက အသင်းဖော်ဟောင်းလူကာတိုနီဆီ မန်စီးတီးအသင်းရဲ့ရလဒ်ဆိုးတွေကြောင့် သူ့ရဲ့ဘဝနေထိုင်မှုပုံစံ ထိခိုက်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။ ကတ္တလန်သားနည်းပြက အိပ်ပျက်၊စားပျက်ဖြစ်နေတဲ့ သူ့ရဲ့စိတ်အခြေအနေကို ဖော်ပြခဲ့ပြီး အစာအိမ်ပြဿနာကြောင့် အစားအသောက်စားချင်စိတ် လျော့နည်းလာခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမယ့် ဘာစီလိုနာနည်းပြဟောင်းက သူအဆင်ပြေနေပါတယ်လို့ ရှင်းပြသွားခဲ့ပါတယ်။
သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်က တက်နိုင်သမျှအကောင်းဆုံးလုပ်ဆောင်ဖို့ အမြဲလိုအပ်ပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် အခြေအနေတွေပြန်ကောင်းလာချိန်မှာတောင် အခုထက် ပိုပြီး မသက်မသာဖြစ်တက်ပါတယ်။ ဒါမျိုးတွေ အမြဲလိုလိုဖြစ်ပျက်ခဲ့ပြီးပါပြီ။အခိုက်အတန့်ကောင်းတွေမှာတော့ ကျွန်တော် ပျော်ရွှင်ပါတယ်။ ဒါပေမယ့် နောက်ပွဲစဉ်တစ်ခုအတွက် ပြင်ဆင်ရချိန်မှာ ကျွန်တော်လုပ်ရမယ့်အလုပ်တွေအတွက် စိတ်ပူမိနေတုန်းပါပဲ။ လူဆိုတာ ဘာတွေပဲဖြစ်နေဖြစ်နေ တစ်ခုခုတော့ လုပ်နေရပါမယ်။ ဘာတွေလုပ်နေတယ်ဆိုတာက အရေးမကြီးပါဘူး”လို့ ပြောပါတယ်။
မန်စီးတီးက မနက်ဖြန်(တနင်္ဂနွေနေ့)၊ အီတီဟတ်ကွင်းမှာ မြို့ခံပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံကစားရဖို့ရှိနေပြီး ပက်ဂွါဒီယိုလာအနေနဲ့ သူ့ရဲ့ကစားသမားတွေ နိုင်ပွဲတစ်ခုဖော်ဆောင်သွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။