The network connection is lost.

Banner Image

ဘာစီလိုနာသို့ပြောင်းရွှေ့ရန် ပျက်ပြယ်သွားပြီးနောက် ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့ဖို့နီးစပ်လာတဲ့ ဂရင်းဝုဒ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ ဂီတာဖေးနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပေမယ့် စပိန်မြေမှာဆက်လက်နေထိုင်လိုတာကြောင့် ဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ မျက်စိကျခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ဘာစီလိုနာက နည်းပြချုပ်ဇာဗီကို ရာထူးကနေထုတ်ပယ်လိုက်တာကြောင့် အစီအစဉ်တွေပျက်ပြယ်ခဲ့ရပြီး ဂရင်းဝုဒ်အနေနဲ့လည်း အခြားအသင်းကိုပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။

သတင်းတွေအရ အင်္ဂလန်သားဟာ အီတလီမြေသို့ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့သိရပြီး ဂျူဗင်တပ်စ်ကလည်း ကစားသမားကိုခေါ်ယူဖို့ ဖြစ်နိုင်ချေအရှိဆုံး အသင်းဖြစ်နေပါတယ်။ ဂရင်းဝုဒ်အနေနဲ့ လာမယ့်နွေရာသီမှာလည်း ယူနိုက်တက်သို့ ပြန်လာဖို့မရှိဘဲ အငှားစာချုပ်ဒါမှမဟုတ် အပြီးသတ်ထွက်ခွာဖို့အထိ အလားအလာရှိနေပါတယ်။

အင်္ဂလန်သားကို အက်သလက်တီကိုမက်ဒရစ်၊ ဒေါ့မွန်နဲ့ ဥရောပအသင်းကြီးတွေသာမက ဆော်ဒီပရိုလိဂ်ကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ 

ဂီတာဖေးနဲ့အတူ စပိန်မြေမှာ တစ်ရာသီကြာဖြတ်သန်းပြီးနောက် ဂရင်းဝုဒ်ဟာ အင်စတာဂရမ်မှတစ်ဆင့် "မယုံနိုင်စရာကောင်းတဲ့ရာသီတစ်ခုကို ‌အသင်းနဲ့အတူဖြတ်သန်းနိုင်ခဲ့လို့ ဂီတာဖေးမိသားစုတွေနဲ့ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို အားပေးချစ်ချင်ပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကလပ်နဲ့အတူ စက္ကန့်တိုင်းပျော်ရွှင်ခဲ့ရပြီး ကြိုဆိုပေးခဲ့တဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ခါးသက်ပေမယ့် ချိုမြိန်တဲ့ အဆုံးသတ်တစ်ခုပါပဲ။ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ 

ဂရင်းဝုဒ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရတာကြောင့် လာမယ့်ရက်သတ္တပတ်အနည်းငယ်မှာပဲ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ပြုလုပ်သွားဖွယ်ရှိပါတယ်။ ဒါ့အပြင် ကစားသမားဟာ ယူနိုက်တက်နဲ့ ၂၀၂၅ ခုနှစ်အထိသာ စာချုပ်သက်တမ်းရှိနေတာကြောင့် အိုးလ်ထရက်ဖို့ဒ်အသင်းအ‌နေနဲ့ နောက်နှစ်နွေရာသီမှာတော့ အင်္ဂလန်သားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားရမှာဖြစ်ပါတယ်။