ဘိုင်ယန်မြူးနစ်မှထွက်ခွာဖို့ အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဂါနာဘရီ
ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဆာ့ဂျ်ဂနာဘရီဟာ နယူးကာဆယ်အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပေမယ့် အသင်းမှထွက်ခွာဖို့ အစီအစဉ်မရှိကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုနွေရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ ဘိုင်ယန်မြူးနစ်ဟာ ကစားသမားအများအပြားကို ရောင်းချကာ ဘဏ္ဍာငွေရှာဖွေဖို့ ပြင်ဆင်နေပြီး ဂါနာဘရီကလည်း အသင်းကနေရောင်းထုတ်ခံရနိုင်ချေရှိတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တိုက်စစ်ကစားသမားကို နယူးကာဆယ်က အဓိကချိတ်ဆက်နေပေမယ့် အခြား ပရီးမီးယားလိဂ်ကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
အနာဂတ်ရဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုးထွက်ပေါ်နေတာကြောင့်ဂါနာဘရီဟာ ဘိုင်ယန်မြူးနစ်မှာ ဆက်လက်ကျန်ရှိဖို့ မသေချာပေမယ့် ကစားသမားကတော့ နောက်ရာသီအတွက်သာ အာရုံစိုက်ထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဂျာမနီသားက အပြောင်းအရွှေ့ပြုလုပ်ဖို့ အသင်းမှ ဖိအားပေးခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လာမယ့်ရာသီမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ဘိုင်ယန်မြူးနစ်အတွက် ပါဝင်သွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
အသက်-၂၉ နှစ်အရွယ် ကစားသမားက “ကျွန်တော့်နာမည်ပဲမဟုတ်ပါဘူး။ ကျွန်တော့်အသင်းဖော်တွေရဲ့နာမည်နဲ့ပါ ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်နေတာကတော့ နည်းနည်း ရူးကြောင်ကြောင်နိုင်ပါတယ်။ ကျွန်တော်တို့မှာ စာချုပ်တွေ ကျန်ရှိနေသေးပြီး အားလုံးက ထိပ်တန်းဘောလုံးအဆင့်မှာ ကစားနိုင်တဲ့ ကစားသမားတွေပါ။ ကျွန်တော့်အနေနဲ့လည်း အရင်က ထက်မြက်ခဲ့တဲ့ ပုံစံအတိုင်းပြန်လည် ကစားနိုင်ဖို့ ကြိုးစားနေပါတယ်။ အသင်းနဲ့စာချုပ်သက်တမ်း ၂ နှစ်ကျန်နေပြီး ဘိုင်ယန်ကလည်း ကျွန်တော့်ကို ဖိအားပေးတာမျိုးမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပေမယ့် မကြာသေးမီက အသင်းသို့ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် မိုက်ကယ်အိုလီဆီ ရောက်ရှိလာတာကြောင့် ဂနာဘရီအနေနဲ့ နေရာရရှိဖို့အတွက် ပြိုင်ဆိုင်မှုတွေ ပြုလုပ်ရတော့မှာဖြစ်ပါတယ်။
သို့သော်လည်း ဂါနာဘရီက နေရာပြိုင်ဆိုင်မှုအတွက် စိတ်ပူခြင်းမရှိကြောင်းကို “ကျွန်တော်ဒီကိုရောက်လာတာ ၆ နှစ်ရှိပါပြီ။ ဒီကာလအတောအတွင်းမှာ အခြားတိုက်စစ်ကစားသမားတွေလည်း အသင်းကိုရောက်လာပေမယ့် ကြံ့ခိုင်မှုပြည့်ဝတဲ့အချိန်တိုင်းမှာ ကျွန်တော်ကစားခွင့်ရခဲ့ပါတယ်။ မေးခွန်းထုတ်နေတဲ့ လူတွေကိုပြောချင်တာက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အသင်းက အဲ့လောက်အထိ အခြေအနေမဆိုးခဲ့ဘူးဆိုတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
၆ နှစ်တာကာလအတွင်းမှာ ဂါနာဘရီဟာ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၂၃၈ ပွဲကစားပြီး ၈၆ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၅၂ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။