The network connection is lost.

Banner Image

ဖာနန်ဒက်စ်ရဲ့သွင်းဂိုးမှာ အာဆင်နယ်လုပ်ခဲ့တဲ့အမှားကို ထုတ်ဖော်ပြောကြားလာတဲ့ နဗီးလ်

ယူနိုက်တက်နောက်ခံလူဟောင်း နဗီးလ်က ဖာနန်ဒက်စ်ရဲ့သွင်းဂိုးမှာ အာဆင်နယ်လုပ်ခဲ့တဲ့အမှားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဖရီးကစ်ကနေ ဂိုးမရခင်အထိ ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းက ဘာမှသိပ်မလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ထရိုဆက်က ဂါနာချိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး အဆိုပါပြစ်ဒဏ်ကနေ ရရှိလာတဲ့ဖရီးကစ်ကို ဖာနန်ဒက်စ်က လှလှပပအဆုံးသတ်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီသားရဲ့ဖရီးကစ်ကန်ချက်နဲ့ပတ်သက်ပြီး နဗီးလ်က အာဆင်နယ်ရဲ့တားဆီးမှုဟာ ဘောလုံးနဲ့ ဝေးလွန်းနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ “သူတို့ (အာဆင်နယ်) ပိတ်ဆို့တားဆီးတာက နည်းနည်းဝေးနေသလို အဲ့တာက ဖာနန်ဒက်စ်ကို အခွင့်အရေးပေးသလိုဖြစ်နေပါတယ်။ သူတို့ ဖာနန်ဒက်စ်အကြောင်း သီချင်းသီဆိုနေကြပါတယ်။ ဘာလို့လဲဆိုတော့ ဘရူနိုက ပထမပိုင်းမှာ ဘာမှမလုပ်ပြနိုင်လို့ပါ။ ဒါပေမယ့် ဖာနန်ဒက်စ်ဖရီးကစ်ကနေဂိုးဝင်ပြီးနောက်မှာတော့ ပျော်ရွှင်လာခဲ့ပါတယ်။

အာဆင်နယ်ရဲ့ပိတ်ဆို့တားဆီးမှုကို တိုင်းတာကြည့်ရင် နည်းနည်းဝေးနေပါတယ်။ ပုံမှန် ခံစစ်စည်းတစ်ခုက ကြီးမားတယ်ဆိုရင် အဲ့တာက တကယ်ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အခုအခြေအနေက နေရာလွတ်ကြီးဖြစ်နေပါတယ်။ ဂိုးပေါက်ကိုပိတ်ဆို့နိုင်လောက်တဲ့အထိ မကြီးမားခဲ့သလို ရာယာအတွက်လည်း အဆင်မပြေခဲ့ပါဘူး။ မှန်ကန်တဲ့အကွာအဝေးကနေဆိုရင် အဲ့တာက ၈ ကိုက်လောက်ပဲဖြစ်သင့်တာပါ။ အာဆင်နယ်က အဲ့ထက်ဝေးနေပြီး ဖာနန်ဒက်စ်အတွက် လွယ်ကူစေခဲ့ပါတယ်”လို့ နဗီးလ်က ထောက်ပြခဲ့ပါတယ်။ 

နဗီးလ်ရဲ့အသင်းဖော်ဟောင်း ရွိုင်ကိန်းကလည်း အာဆင်နယ်ရဲ့ဖရီးကစ်တားဆီးမှုကို ထောက်ခံခဲ့သလို ရာယာရဲ့အားနည်းမှုကိုလည်း လက်ခံရမယ်လို့ ဝေဖန်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရဲ့သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် အာဆင်နယ်အတွက် ချေပဂိုးကို ဒီကလန်ရိုက်စ်က ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ၂ သင်းစလုံးအခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် သရေတစ်မှတ်စီခွဲယူခဲ့ကြပါတယ်။