ယူရိုမှာ အိမ်ရှင်ဆိုတဲ့ အားသာချက်က အလုပ်မဖြစ်ကြောင်း ပြောကြားလာတဲ့ ဖူရန်တီ
စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖူရန်တီက သူ့ရဲ့အသင်းဟာ လက်ရှိယူရို ၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဂျာမနီနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေသော်လည်း ယူရိုမှာ အိမ်ရှင်ဆိုတဲ့အားသာချက်က အလုပ်မဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖူရန်တီက “ဒီလိုဘောလုံးအဆင့်အတန်းမှာ အိမ်ကွင်းအားသာချက်လို့ခေါ်တဲ့ အချက်က သိပ်ပြီး လွှမ်းမိုးမှုမရှိသလို အလုပ်ဖြစ်မယ်လို့လည်းမထင်ပါဘူး။ ကျွန်တော်တို့ ကစားသမားတွေက အတွေ့အကြုံရင့်ကျက်ပြီးသားပါ။ ဒါကြောင့် ပြိုင်ဘက်ပရိသတ်ရဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှုက သူတို့ကို ခြိမ်းခြောက်နိုင်မှာမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့အတွက် သာမန်ဘောလုံးပတ်ဝန်းကျင်တစ်ခုပဲဖြစ်နေမှာပါ။ အိမ်ရှင်ဆိုပြီး ကျွန်တော်တို့အပေါ် နည်းနည်းလေးမှ လွှမ်းမိုးနိုင်မှာမဟုတ်ပါဘူး” “တစ်ခါတလေမှာ အိမ်ရှင်ဆိုတဲ့ လွှမ်းမိုးမှုက ကိုယ့်အသင်းအတွက်လည်း ဒုက္ခဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ရှင်ပရိသတ်တွေက ကိုယ့်အသင်း စွမ်းဆောင်ရည်ကျနေတဲ့ အချိန်မှာ ဖိအားပေးတောင်းဆိုမှုတွေပြုလုပ်လာနိုင်တာကြောင့် ပြိုင်ဘက်အသင်းအတွက် အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်။ ကျွန်တော်တို့စပိန်အသင်းကတော့ ပျော်ပျော်ရွှင်ရွှင်၊ ယုံကြည်မှုအပြည့်နဲ့ကစားသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ယူရိုမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ဗိုလ်စွဲခဲ့တဲ့အသင်းက ၃ သင်းပဲ ရှိခဲ့ဖူးပြီး စပိန်(၁၉၆၄)၊ အီတလီ(၁၉၆၈) နဲ့ ပြင်သစ်(၁၉၈၄) တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ရှင်အဖြစ်လက်ခံကျင်းပကာ ဗိုလ်လုပွဲအထိတက်လှမ်းနိုင်ပြီးမှ ရှုံးနိမ့်ခဲ့တဲ့အသင်းတွေကတော့ ပေါ်တူဂီ(၂၀၀၄)၊ ပြင်သစ်(၂၀၁၆) နဲ့ အင်္ဂလန်(၂၀၂၀) တို့ဖြစ်ပါတယ်။
အဆိုပါသမိုင်းကြောင်းထဲမှာ မပါဝင်တဲ့ ဂျာမနီကတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်းကတည်းက စပိန်ကို လုံးဝမရှုံးနိမ့်ခဲ့သေးတာကြောင့် ယခုပွဲစဉ်မှာလည်း စံချိန်ကောင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရပါမယ်။ ယခုနှစ် ယူရိုပြိုင်ပွဲမှာ စပိန်က ပွဲစဉ်တိုင်းကို အနိုင်ရထားပြီး ၄ ပွဲဆက် အနိုင်နဲ့အတူ ကွာတားဖိုင်နယ်ကို တက်လှမ်းထားနိုင်ပေမယ့် ဖူရန်တီကတော့ ဂျာမနီနဲ့ သူ့ရဲ့အသင်းဟာ ခြေရည်တူတယ်လို့ ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်ကို ဂျာမန်ကွင်းလယ်စနိုက်ပါ တိုနီခရူးစ် ပါဝင်ကစားသွားမှာဖြစ်ပြီး ကစားသမားအနေနဲ့ ဒီပြိုင်ပွဲပြီးရင် အနားယူမယ်လို့ ကြေညာထားတာကြောင့် ဖူရန်တီက ဒီပွဲပြီးရင် တစ်ခါတည်းနားလိုက်ရုံပဲလို့ အရွှန်းဖောက်ပြောကြားခဲ့ပါတယ်။
ဖူရန်တီက “ဒီပွဲပြီးရင် တိုနီခရူးစ်အနေနဲ့ ဘောလုံးသမားဘဝကနေ အနားယူလို့ရပါပြီ။ ခရူးစ်က စူပါကစားသမားတစ်ယောက်ပါ။ သူ့အနေနဲ့ ဘောလုံးလောကထဲကနေ ထွက်ခွာတော့မယ်ဆိုတာ ကျွန်တော့်အတွက်တော့ နားမလည်နိုင်စရာပါပဲ။ သူ ကစားနေတာကို ရပ်လိုက်ရင် အရမ်းနှမြောစရာကောင်းမှာပါ။ တိုနီခရူးစ် ဘာတွေလုပ်နိုင်လဲ သိနေလို့ သူ့ရဲ့ဘောလုံးပေးပို့မှုတွေကို ကန့်သတ်နိုင်အောင် ကြိုးစားသွားပါမယ်။ ဒီလိုမှမဟုတ်ရင်တောင် သူ့ကိုအနီးကပ် ပစ်မှတ်ထားပြီး ကစားရ ခက်ခဲအောင်လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒါက ဗိုလ်လုပွဲမတိုင်ခင် အကြိုဗိုလ်လုပွဲတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။