The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ လစာအကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်လိုနေတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းရဲ့ လစာအများဆုံး ကစားသမားစာရင်းမှာ ပါဝင်လိုနေတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဖိအားပေးနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ 
 
ပေါ်တူဂီကွင်းလယ်လူဟာ အဲရစ်တန်ဟက်လက်အောက် ဆိုးရွားရဲ့ ယူနိုက်တက်ရဲ့ ရာသီဖြတ်သန်းမှုထဲမှာ ရှားရှားပါးပါးအပြုသဘောဆောင်ခဲ့တဲ့ ကစားသမားတွေထဲမှ တစ်ဦးဖြစ်ပါတယ်။ အသက်-၂၉ နှစ်အရွယ် ကစားသမားဟာ မန်စီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာခြေစွမ်းပြသနိုင်ခဲ့သလို ဒီရာသီ ပြိုင်ပွဲစုံမှာ ယူနိုက်တက်အတွက် ၁၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
 
ဖာနန်ဒက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပေမယ့် အနာဂတ်မသေချာမရေရာဖြစ်နေပြီး ဘိုင်ယန်မြူးနစ်နဲ့ ချိတ်ဆက်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကစားသမားဟာ ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်နဲ့ ၄ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၄ သောင်းအထိရရှိနေတာဖြစ်ပါတယ်။
 
သို့သော်လည်း သတင်းတွေအရ ဖာနန်ဒက်စ်ဟာ သူ့ရဲ့လစာကို နည်းပါးတယ်လို့ ယူဆနေပြီး အသင်းဖော်တွေဖြစ်တဲ့ မားကက်ရက်ရှ်ဖို့ဒ်၊ ဂျေဒန်ဆန်ချိုနဲ့ ကတ်စမဲရိုးတို့ရရှိတဲ့ ပမာဏလောက် ရယူလိုနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ၆ သောင်း ရရှိနေသလို၊ ဆန်ချိုက ပေါင် ၃ သိန်းအထိ ရရှိနေပြီး ဆော်ဒီအာရေဗျကိုပြောင်းရွှေ့ဖို့ချိတ်ဆက်နေတဲ့ ကတ်စမဲရိုးကတော့ ပေါင် ၃ သိန်းခွဲဝန်းကျင်အထိ ရရှိနေတာဖြစ်ပါတယ်။
 
လက်ရှိအသင်းရဲ့ တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ကလည်း ဖာနန်ဒက်စ်ကို အသင်းမှာ အရေးပါတဲ့ အဓိကကွင်းလယ်လူလို့ သတ်မှတ်ထားပြီး ရောင်းချဖို့အတွက် ဆန္ဒမရှိဘူးလို့ သတင်းတွေကဆိုပါတယ်။ သို့သော်လည်း ဖာနန်ဒက်စ်ဘက်ကတော့ အသင်းကနေ အကျိုးအမြတ်ရှာဖွေနိုင်ခြင်းမရှိရင်တော့ ဆက်လက်နေထိုင်ဖို့ မသေချာဘူးလို့သိရပါတယ်။
 
မကြာသေးမီကတော့ ပေါ်တူဂီသားဟာ ယူနိုက်တက်မှာ ဆက်လက်နေထိုင်လိုကြောင်းကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားမျှဝေခဲ့ပါသေးတယ်။ ဖာနန်ဒက်စ်က “ကျွန်တော်က ကမ္ဘာပေါ်က ဘယ်နေရာမထက်ဆို အိုးလ်ထရက်ဖို့ဒ်မှာ နေရတာကို နှစ်သက်ပါတယ်။ ဒီအသင်းကနေ ဘယ်မှမသွားချင်ပါဘူး။ ယူနိုက်တက်က ကျွန်တော့်ရဲ့ အဆုံးစွန်တဲ့အိပ်မက်အသင်းပါ။ ကျွန်တော့်ရဲ့မျှော်မှန်းချက်တွေကိုလည်း ကလပ်ရဲ့မျှော်မှန်းချက်တွေနဲ့ကိုက်ညီစေချင်ပါတယ်။ ကျွန်တော်က ဒီမှာဆက်နေချင်သလို၊ ကျွန်တော့်ရဲ့မိသားစုကလည်း ဒီမှာနေချင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
 
ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ်ဇန်နဝါရီလမှာ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၃၃ ပွဲကစားကာ ၇၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆၆ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။