The network connection is lost.

Banner Image

ဘာစီလိုနာမှာ ဆက်လက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဖီးလစ်

ဘာစီလိုနာသို့ အငှားစာချုပ်နဲ့ တစ်ရာသီကြာ သွားရောက်ကစားပြီးနောက်မှာ အက်သလက်တီကိုတိုက်စစ်ကစားသမား ဂျိုအိုဖီးလစ်က ကတ်တလန်မြေမှာ ဆက်လက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 
 
လက်ရှိဘာစီလိုနာရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် တိုက်စစ်မှူးဟာ ကလပ်မှာဆက်လက်ကစားဖို့အတွက် မသေချာတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင် ကစားသမားအနေနဲ့ ဘာစီလိုနာမှာ ဆက်လက်ကစားဖို့ စိတ်အားထက်သန်နေပေမယ့် အက်သလက်တီကိုကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို အငှားစာချုပ်နဲ့ဆက်လက်ထွက်ခွာစေဖို့ ဆန္ဒမရှိဘူးလို့သိရပါတယ်။
 
ယခုအခါမှာတော့ ဖီးလစ်က “ကျွန်တော်က အငှားစာချုပ်နဲ့ဘာစီလိုနာမှာ ကစားခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့အနာဂတ်က ကျွန်တော့်ပေါ်မှာ မူတည်မနေပါဘူး။ ကျွန်တော်လုပ်ချင်တဲ့ အစီအစဉ်ကတော့ ရှင်းပါတယ်။ ဘာစီလိုနာကို ချစ်မြတ်နိုးတာကြောင့် ဒီအသင်းမှာဆက်နေချင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့က အချက်အလက်ပေါင်းများစွာပေါ်မှာမူတည်နေလို့ ဘာဖြစ်လာမလဲ စောင့်ကြည့်ရပါဦးမယ်”လို့ ပြောကြားခဲ့ပါတယ်။
 
ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာအနေနဲ့ ဖီးလစ်ကိုသာမက မန်စီးတီးကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ ကန်ဆယ်လိုကိုပါ အသင်းမှာဆက်လက်ထိန်းသိမ်းဖို့ မျှော်လင့်ကြောင်းပြောကြားခဲ့သော်လည်း ဘဏ္ဍာရေးကဏ္ဍမှာတော့ ထိန်းညှိရမှာတွေကျန်ရှိနေပါသေးတယ်။ လတ်တလောမှာတော့ ကစားသမား ၂ ဦးစလုံးဟာ ပေါ်တူဂီအသင်းနဲ့အတူ ဂျာမနီမှာကျင်းပမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ်နေပြီး ရော်ဘတ်တိုမာတီနက်ဇ်ရဲ့ အသင်းအတွက်အောင်မြင်မှုယူပေးသွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။