The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နဲ့တွေ့ဆုံတိုင်း ရရှိခဲ့တဲ့မှတ်တမ်းကောင်းတွေက ချန်ပီယံလိဂ်မှာတော့ အသုံးဝင်မှာမဟုတ်ကြောင်း အလွန်ဆိုပြော

လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆိုက သူ့အနေနဲ့ နည်းပြဘဝမှာ ဘိုင်ယန်မြူးနစ်ကို တစ်ခါမှမရှုံးနိမ့်ခဲ့ဖူးပေမယ့် အဆိုပါမှတ်တမ်းကောင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်တို့ဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပြီး ၁၆ သင်းအဆင့်ကိုရောက်ရှိဖို့ ဘိုင်ယန်မြူးနစ်က ပလေးအော့ဖ်ကစားခဲ့ရပေမယ့် လေဗာကူဆင်ကတော့ တိုက်ရိုက်တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ လေဗာကူဆင်ကို စတင်ဦးဆောင်ခဲ့တဲ့ အလွန်ဆိုဟာ ပြည်တွင်းဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ၁ ကြိမ်မှရှုံးနိမ့်ထားခဲ့ခြင်းမရှိဘဲ ၃ ပွဲနိုင် ၃ ပွဲသရေရလဒ်ကို ပုံဖော်ထားနိုင်ပါတယ်။ 

ဒီရာသီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ လေဗာကူဆင်အနေနဲ့ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ထားခြင်းမရှိပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့အောက် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်နေပြီး ၈ မှတ်အထိပြတ်နေပါတယ်။ သို့သော်လည်း လေဗာကူဆင်ဟာ ဘိုင်ယန်မြူးနစ်ကို ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာလည်း အနိုင်ယူပြီး ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာစေခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ အလွန်ဆိုက "ဘိုင်ယန်မြူးနစ်ကိုမရှုံးအောင်ကစားနိုင်တဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ ဘိုင်ယန်နဲ့ကစားခဲ့တဲ့ အတိတ်ကပွဲစဉ်တွေက အခုလာမယ့်ပွဲအပေါ်မှာ သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ အတိတ်က ကျွန်တော်တို့အတွက် ဘာမှလုပ်မပေးနိုင်ပါဘူး"

"မနက်ဖြန်ကစားသွားရမယ့်ပွဲက အသစ်ပါပဲ။ အရမ်းအရေးကြီးပါတယ်။ အကောင်းဆုံးလည်းပြင်ဆင်ထားပါတယ်။ ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲပါ။ ဘွန်ဒက်စ်လီဂါနဲ့ ကွာခြားမှုရှိပါတယ်။ပထမအကျော့ကို မြူးနစ်မှာကစားသွားရမှာဖြစ်လို့ ခက်ခဲမယ်လို့ မျှော်လင့်ထားပြီးသားပါ။ ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး စပိန်သားနည်းပြက "ကျွန်တော်တို့ ဘိုင်ယန်မြူးနစ်ကို အရမ်းလေးစားပါတယ်။ သူတို့ရဲ့သမိုင်းကြောင်းအရရော၊ လက်ရှိပုံစံအရရောပါ။ သူတို့က အရမ်းကောင်းတဲ့ရာသီတစ်ခုကိုပုံဖော်ထားနိုင်သလို၊ ကျွန်တော့်ကလည်း ပုံစံကောင်းမှာရောက်ရှိနေပါတယ်။ ခက်ခဲမယ့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ လာမယ့်အပတ် အိမ်ကွင်းပွဲစဉ်မှာလည်း ပြိုင်ဆိုင်မှုပြင်းထန်ဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။