The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ပွဲစဉ်မှာ အဓိကကစားသမားတွေကို အနားပေးသွားမှာမဟုတ်ကြောင်း အာမိုရင်ပြော

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ နောက်အပတ်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရဖို့ရှိနေပေမယ့် စနေနေ့မနက် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ အဓိက ကစားသမားတွေကို အနားပေးသွားဖို့မရှိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

ယူရိုပါလိဂ်ဗိုလ်လုပွဲဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် အရေးပါဆုံးပွဲစဉ်ဖြစ်လာဖို့ရှိနေပြီး အဆိုပါပွဲစဉ်မှာ အနိုင်ရပါက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဖလားကို ပြန်လည်ဆွတ်ခူးနိုင်မှာဖြစ်သလို၊ နောက်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်ပါတယ်။ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာရပ်တည်နေတဲ့ ယူနိုက်တက်အတွက် အဆိုပါဗိုလ်လုပွဲက အလွန်အရေးကြီးသလို၊ အဆင့် ၁၇ နေရာက တော့တင်ဟမ်အတွက်လည်း အလားတူ အရေးကြီးတဲ့ပွဲစဉ်ဖြစ်လာဖို့ရှိနေပါတယ်။ 

ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "ချဲလ်ဆီးနဲ့ပွဲမှာ ဒဏ်ရာကနေ အပြည့်အဝပြန်မလာနိုင်သေးတဲ့ ကစားသမားတွေကိုတော့ စွန့်စားမှုယူပြီး အသုံးပြုသွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ဘယ်ကစားသမားမဆိုကိုတော့ ဒီပွဲမှာ  ပါဝင်ကစားခွင့်ပြုသွားမှာပါ။ အသင်းရဲ့ကစားသမားတွေက ၈ ရက်၊ ၉ ရက်လောက်အထိ ပွဲမကစားဘဲ နေလို့မရပါဘူး။ တစ်ပတ်ကျော်လောက် မကစားတာက သူတို့အတွက် မကောင်းပါဘူး"

"ဒါကြောင့် ဗိုလ်လုပွဲအတွက် အကောင်းဆုံးပြင်ဆင်ခြင်းက ပွဲစဉ်တွေ ဆက်တိုက်ကစားခြင်းပါပဲ။ ကစားသမားတွေလည်း ဒါကိုနားလည်ဖို့လိုပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ မပါဝင်တဲ့ကစားသမားတွေက နောက်အပတ်ဗိုလ်လုပွဲနဲ့ ဘာမှမသက်ဆိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်ရဲ့ နောက်တန်းကစားသမားတွေဖြစ်တဲ့ ဒါလော့၊ ဒီလစ်ချ်၊ ယိုရိုနဲ့ ဟဲဗန်းတို့ကတော့ ဒဏ်ရာပြဿနာတွေကြောင့် ချဲလ်ဆီးနဲ့ပွဲစဉ်ကို လွဲချော်သွားဖို့ရှိပေမယ့် ဂျွန်နီအီဗန်စ်နဲ့ ကိုလီယာတို့ကတော့ လေ့ကျင့်ရေးပြန်ဆင်းနေပြီလို့ အာမိုရင်က ဆိုပါတယ်။ သို့သော်လည်း စနေနေ့မနက်ပွဲစဉ်မှာ ဘယ်ကစားသမားတွေကို ပွဲထုတ်သွားမလဲဆိုတာကတော့ အာမိုရင်က ဖြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။ 

ပေါ်တူဂီသားနည်းပြက "ချဲလ်ဆီးနဲ့ပွဲမှာ ပွဲထွက်ကစားသွားမယ့် ကစားသမားတွေကိုတော့ ကျွန်တော်မစီစဉ်ရသေးပါဘူး။ ဒါပေမယ့် ဘယ်သူတွေပွဲထွက်ရမယ်ဆိုတာတော့ ကျွန်တော်ရွေးထားပြီးသားပါ။ ချဲလ်ဆီးနဲ့ပွဲက အရေးကြီးသလို၊ နောက်ပွဲကလည်း အရမ်းအရေးကြီးတယ်ဆိုတာတော့ ကျွန်တော်သိပါတယ်" လို့ပြောကြားခဲ့ပါတယ်။