
ဆန်ချိုကို အပြီးသတ်ခေါ်ယူဖို့ မဆုံးဖြတ်ရသေးကြောင်း မာရက်စ်ကာပြော
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာယူနိုက်တက်မှ အငှားစာချုပ်နဲ့ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို အပြီးသတ်ခေါ်ယူဖို့အတွက်တော့ ဆုံးဖြတ်ချက်မချရသေးကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးဟာ ရီးရဲလ်ဘက်တစ်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေရတာကြောင့် ကစားသမားအရွှေ့အပြောင်းတွေအပေါ် အာရုံမစိုက်နိုင်သေးဘူးလို့ မာရက်စ်ကာကဆိုပါတယ်။
နွေရာသီမှာ ဆန်ချိုကို အငှားနဲ့ခေါ်ယူခဲ့စဉ်က ချဲလ်ဆီးဟာ စာချုပ်ပါသဘောတူညီချက်တွေအရ ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိနေပါတယ်။ ချဲလ်ဆီးအနေနဲ့ ရာသီကုန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နဲ့အထက် ရပ်တည်နိုင်ပါက အင်္ဂလန်သားကို အပြီးသတ်ခေါ်ယူခွင့်ရသွားမှာဖြစ်ပေမယ့်၊ ယူနိုက်တက်သို့ ပြန်လည်ပို့ဆောင်ပါက လျော်ကြေးပေါင် ၅ သန်းပေးချေသွားရမှာဖြစ်ပါတယ်။
၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဆန်ချိုဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် ၁၉ ပွဲအပါအဝင် စုစုပေါင်း ချဲလ်ဆီးအတွက် ပွဲ ၄၀ အထိ ကစားပေးခဲ့ပါတယ်။ ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ ချဲလ်ဆီးအတွက် သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလမှ စတင်ပြီး အခုချိန်အထိ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာပြုလုပ်ထားနိုင်ခဲ့ပါတယ်။
ဒါကြောင့် တောင်ပံကစားသမားဟာ ဘက်တစ်နဲ့ယှဉ်ပြိုင်သွားရမယ့် ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးသလို၊ မာရက်စ်ကာကလည်း ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တိကျသေချာတဲ့ အဖြေကို ပြောကြားခြင်းမရှိသေးပါဘူး။
မာရက်စ်ကာက "မနက်ဖြန်မှာ ကျွန်တော်တို့ ဗိုလ်လုပွဲကစားရဖို့ရှိပါတယ်။ အဲဒီပွဲအပြီး ၁ ရက် ၂ ရက်အတွင်းမှာ ကစားသမားတွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်သွားမှာပါ။ လောလောဆယ်မှာတော့ ဆန်ချိုအပါအဝင် အခြားဘယ်ကစားသမားနဲ့မှ မဆွေးနွေးရသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့နံနက် ဘက်တစ်နဲ့ယှဉ်ပြိုင်ပြီးနောက်မှာတော့ ချဲလ်ဆီးဟာ ဇွန်လမှာကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။